မြန်မာစာမှာ စာလုံးဆင့်ခြင်း

မနေ့က စာလုံးဆင့်ရခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ စာပေမှာ အက္ခရာကို ထပ်ပြီး ရေးသားနိုင်တဲ့ ဘာသာစကားက အများကြီးတော့ မရှိပါဘူး။ စားရေးသားဖို့အတွက် အထောက်အပံ့ပစ္စည်းရယ်လို့ မတွင်ကျယ်မီတုန်းက ကျောက်ပြားပေါ်၊ ကြေးပြားပေါ်၊ ပေရွက်ပေါ်မှာ စာတွေကို ရေးသားကြရပါတယ်။ နေရာပေါ်မူတည်ပြီး အက္ခရာတွေကို ဆင့်ပြီး သုံးခဲ့တာတွေ မွေးစားစကားလုံလေးတွေ လေ့လာစရာတွေကတော့ အများကြီးပါပဲ။ စာလုံးဆင့်တယ်ဆိုတဲ့ နေရာမှာလည်း အက္ခရာ အဖိုနဲ့ အမ ဆိုတာ ရှိသေးတဲ့အတွက် ဘာနဲ့ဘာဆင့်ရတယ်၊ ဘယ်အက္ခရာနဲ့ ဘယ်အက္ခရာဆို မဆင့်ရဘူးဆိုတာတွေလည်း တွေ့ရပါတယ်။ စိတ်ဝင်စားမိလို့ ဝီကီပီဒီယာမှာ လိုက်ရှာပြီး ဆက်စပ်နိုင်တဲ့ ဆောင်းပါးလေးတွေကို ကျွန်တော်တို့ လေ့လာရအောင် ဖော်ပြလိုက်ရပါတယ်။ အဲဒီလို ဖော်ပြတဲ့အခါမှာလည်း တချို့အရာတွေ သက်သေ၊ ရှင်းလင်းချက်တွေလည်း လိုအပ်တာမို့ ဆီလျော်တဲ့ ရှင်းလင်းချက်ကလေးတွေကို ကြားညှပ်ထည့်သွင်းထားတာကြောင့် မူရင်းစာအတိုင်း မဖြစ်ရခြင်းအတွက်လည်း တောင်းပန်ပါတယ်။

မွန်တို့ထံမှ ဆင်းသက်သည့် မြန်မာတို့ ရေးသားသတ်မှတ်အပ်သော အက္ခရာအရေအတွက်မှာ ရှေးရဟန်းရှင်လူပညာရှိတို့ အလိုအားဖြင့် ၄၁-လုံးရှိ၏။ ခေတ်သစ်မြန်မာသဒ္ဒါတို့အလိုအားဖြင့် အ အာ ဣ ဤ ဥ ဦ ဧ ဩ ကိုထည့်သွင်းရေတွက်ခြင်း မပြုဘဲ ၃၃-လုံးဟု သတ်မှတ်သည်။

အက္ခရာ ၄၁-လုံးတို့မှာ –

  • အ အာ ဣ ဤ ဥ ဦ ဧ ဩ
  • က ခ ဂ ဃ င စ ဆ ဇ ဈ ည
  • ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န
  • ပ ဖ ဗ ဘ မ ယ ရ လ ၀ သ
  • ဟ ဠ အ

မြန်မာအက္ခရာ ဖြစ်ပေါ်လာပုံ

မြန်မာ အက္ခရာ နှင့် မြန်မာစာ အရေးအသားပေါ်ပေါက်ဖြစ်ထွန်းလာပုံ ကို စူးစမ်းလေ့လာကြသော သုတေသီ အားလုံးက မြန်မာ အက္ခရာ များသည် ခရစ်တော် မပေါ်မှီ BC – 500 မှ AD- 300 ကျော်အထိ India မှာ ထွန်းကားခဲ့သော ဗြာဟ္မီ အရေးအသား ကနေမြစ်ဖျားခံခဲ့သည်ဟု လက်ခံကြသည်။ အစောဆုံးမြန်မာစာ အရေးအသားကို ပုဂံခေတ် AD-11-12 ရာစု မှာတွေ့ရှိရပြီး ရာဇကုမာ ကျောက်စာ ရေးထိုးခဲ့ချိန် ဖြစ်သည်။ရာဇကုမာ ကျောက်စာမျှ သိပ်မထင်ရှားသော ကျန်စစ်သားမင်း၏ မြကန် မွန်ကျောက်စာမှာ ရေကန်အမည် ကို မဟာနိဗ္ဗာန် လက်ဆုယ်ခိရိယ် ( မူရင်းကိုက ဒီအတိုင်း ) လို့တွေ့ရသည်မှာ အစောဆုံး မြန်မာ အက္ခရာလို့ ပြောလို့ရပါသည်။ ဒီထက် နှစ်ပေါင်း ၅၀ လောက်စောသည့် ကျောက်စာတွေမှာလဲ မြန်မာ အက္ခရာတွေကို တွေ့ရသည့်အတွက် မြန်မာစာသည် AD -11 ရာစုတွင် ပေါ်ပေါက်သည်ဟု အခိုင်အမာပြောနိုင်ပါသည်။ ပျူစာ ထွန်းကားမှု ၊ မွန်မြို့ပြ နိုင်ငံများ ထွန်းကားခြင်းတို့သည်လဲ ပုဂံနိုင်ငံထွန်းကားမှုနှင့် စပ်ဆက်နေပါသည်။ ပုဂံနိုင်ငံ ထွန်းကား သလို မြန်မာစာသည်လဲ မွန်စာနှင့် အတူ ထွန်းကားခဲ့ပါသည်။ သို့သော် မွန်စာ ကတစ်ဆင့် တိုးတက်ဖြစ်ထွန်းလာတာကို တချို့ကလက်မခံကြပါ။ ဗြာဟ္မီ အရေးအသား မှနေ ပျူ အက္ခရာ ၊ မွန် အက္ခရာ ၊ မြန်မာအက္ခရာ တွေပါ ဆင်းသက်လာတာဖြစ်သည့်အတွက် တော်တော်များများသည် ဆင်တူပါသည်။

မြန်မာစာကို တီထွင်ခဲ့သူတွေဟာ သက္ကတ အရေးအသား၊ ပါဠိ အရေးအသား ၊ ပျူ အရေးအသား တို့ကနေ မြန်မာအက္ခရာ နှင့် အရေးအသားအတွက် လိုတာကို ယူပြီး မလိုတာကို ပယ်ခဲ့ကြပါတယ်။ ဋ ၊ ဌ ၊ ဍ တို့ကိုတော့ မြန်မာစာ အတွက် အသုံးမဝင် စေသော်လည်း ပါဠိ စာပေ သင်ကြားဖို့ အခက်အခဲ မရှိစေရန် ထိုစာလုံးများ ကိုတော့ ထိမ်းထားခဲ့ပါတယ်။ ဒီတော့ မြန်မာစာ ၊ မြန်မာအက္ခရာ စာလုံးတွေဟာ ဗြာဟ္မီ အရေးအသား ကိုမြစ်ဖျားခံပြီး မွန် အက္ခရာ နှင့် ပုံစံတူကာ ပါဠိ ၊ သက္ကတ စာလုံးတို့နှင့် နှီးနွယ်ပြီး ဖြစ်ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။

( ၁၂ ရာစု နောက်ပိုင်းမှာ မွန်စာတိမ်ကော သွားပြီး မြန်မာပြည်အောက်ပိုင်းမှာတော့ဆက်လက် ရှင်သန်တယ်လို့ ဆိုပါတယ် ။ ဒါကို.. မြန်မာပြည် အောက်ပိုင်းမှာ ရှိတဲ့ မြို့အမည်တွေကိုကြည့်ရင်သိနိုင်ပါတယ် …. ဥပမာ- မှော်ဘီ …မွန်ဘာသာဖြင့် မြစ်ကွေ့၊ အင်းစိန် = အစ္စိန = မွန်ဘာသာဖြင့် ဆင်အိုင် … တော်တော်လေးများပါတယ် ပိဋကတ်တော်စာများကို မြန်မာများ လွယ်ကူစွာ ဖတ်ရှု့နိုင်ဖို့ အတွက် ရှင်အရဟံ နှင့် သီဟိုဌ် ရဟန်းတော်များ၏ နည်းပေးလမ်းပြ ကူညီမှုဖြင့် မြန်မာအက္ခရာ စာလုံးများဖြစ်ပေါ်လာအောင် တီထွင်ခဲ့ပြီး မြန်မာစာဟာရှေးယခင်က ကျောက်စာများအရ ဆိုရင် လေးထောင့်ပုံစံရေးသားခဲ့တယ်လို့ လဲ ဆိုကြပါတယ်။ ရာဇကုမာ ကျောက်စာ ကို အောက်မှာကြည့်ပါ။ မွန် မြန်မာအက္ခရာ သမိုင်း ပြောင်းလဲပုံ ကိုလဲ တွေ့နိုင်ပါတယ် ။

နောက်ပိုင်း ပေစာများရေးတဲ့ ခေတ်ရောက်တော့ ပေစာပေါ်မှာ လေးထောင့်စာလုံးနဲ့ ရေးတဲ့ အခါ ပေစာများ ကွဲထွက်တာကြောင့် အဝန်း အဝိုင်း ပုံရေးဆွဲရင်း မြန်မာစာဟာ ခရာဝန်း ပုံစံပြောင်းလဲလာတယ်လို့ ဆိုကြပါတယ်။ တစ်ချို့ ကလဲ နေဝန်းလဝန်းပုံ ကိုကြည့်ပြီးတီထွင် လာတာကြောင့် မြန်မာအက္ခရာ တွေဟာ အဝန်း အဝိုင်းပုံ ဖြစ်ရတယ်လို့ ဆိုပါတယ်။ မြန်မာစာလုံးတွေကို အဖို အမ ဆိုပြီးခွဲခြားထားပြီး ပ ဆင့် ( ပတ်ဆင့်) စာလုံးတွေမှာ အဖိုစာလုံးပေါ်အဖို စာလုံးမဆင့်ရတာ မထပ်ရတာ၊ အမ စာလုံးအပေါ်မှာ အမစာလုံး မဆင့်ရတာမထပ်ရတာ တွေလဲရှိပါတယ်။

စာလုံးဆင့်ခြင်း စာလုံးထပ်ခြင်း

အုပ်စုခွဲခြင်း

မြန်မာ အက္ခရာမှာ ဗျဉ္ဇန ခေါ် ဗျည်း ၃၃ လုံး ရှိတာ လူတိုင်း သိပါတယ်။ အဲဒီ အက္ခရာတွေကို အုပ်စု ခေါ် ၀ဂ် အနေနဲ့ အုပ်စု ခွဲလိုက်ရင်

  • `က´ ၀ဂ် အနေနဲ့ က၊ ခ၊ ဂ၊ ဃ၊ င
  • `စ´ ၀ဂ် အနေနဲ့ စ၊ ဆ၊ ဇ၊ စျ၊ ည
  • `ဋ´ ၀ဂ် အနေနဲ့ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ
  • `တ´ ၀ဂ် အနေနဲ့ တ၊ ထ၊ ဒ၊ ဓ၊ န
  • `ပ´ ၀ဂ် အနေနဲ့ ပ၊ ဖ၊ ဗ၊ ဘ၊ မ
  • * ဒါတွေကို အသံဖြစ်ပေါ်ရာ ဌာနနဲ့ မူတည်ပြီး ဌာန်ငါးပါးဆိုပြီး ထပ်ခွဲပြပါတယ်။
  • `အ´ ၀ဂ် အနေနဲ့ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ၊ အ

အဖိုအမခွဲခြင်း

အဲဒီ ဗျည်း ၃၃ လုံးကို အထီး အမ ခွဲထားတယ်။ အဖို အမ ခွဲပုံက ဒီလိုပါ။ ခုန ငါးလုံးတွဲ အုပ်စုရဲ့ အစ စာလုံးတွေက အဖိုတွေ ပေါ့။ နောက် အဲဒီ အစအက္ခရာတွေရဲ့ တစ်လုံးကျော်မှာ ရှိတဲ့ အက္ခရာတွေကို အဖိုဗျည်းလို့ သက်မှတ်တယ်။ ကြားထဲမှာ ကျန်ရစ်ခဲ့တဲ့ အက္ခရာတွေကတော့ အမဗျည်းတွေပေါ့။ ဒါဆို စာရင်း ချကြည့်တာပေါ့။
အဖိုဗျည်းများ – က၊ ဂ၊ င၊ စ၊ ဇ၊ ည၊ ဋ၊ ဍ၊ ဏ၊ တ၊ ဒ၊ န၊ ပ၊ ဗ၊ မ စတဲ့ (၁၅) လုံး။
အမဗျည်းများ – ခ၊ ဃ၊ ဆ၊ စျ၊ ဌ၊ ဎ၊ ထ၊ ဓ၊ ဖ၊ ဘ စတဲ့ (၁၀) လုံး။အက္ခရာ နှစ်ထပ်ဆင့် ရေးကြတဲ့အခါမှာ ဥပဒေသ တချို့ရှိတယ်။
၁။ အဖို အဖိုချင်း ထပ်ရေးလို့ ရတယ်။
ဥပမာ ။ သက္က၊ မဂ္ဂ၊ ကိစ္စ၊ ၀ဇ္ဇ၊ ၀ဏ္ဏ၊ သတ္တ၊ သဒ္ဒ၊ ပန္န၊ သိပ္ပ၊ သဗ္ဗ၊ ဓမ္မ စသဖြင့်ပေါ့။
၂။ အမ အမချင်း ထပ်ရေးလေ့ မရှိဘူး။
ဥပမာ ။ ခ္ခ၊ ဃ္ဃ၊ ဆ္ဆ၊ ထ္ထ၊ ဓ္ဓ၊ ဖ္ဖ၊ ဘ္ဘ စသဖြင့် ရေးလို့ မရပါဘူး။
၃။ အဖိုနဲ့ အမ ထပ်လို့ ရတယ်။ ဒါပေမယ့် အဖိုက အပေါ်က၊ အမက အောက်က နေရမယ်။
ဥပမာ ။ ယက္ခ၊ အဂ္ဃ၊ အစ္ဆ၊ အဇ္ဈ၊ အတ္ထ၊ ဗုဒ္ဓ၊ ပုပ္ဖ၊ လဗ္ဘတိ စသဖြင့် ရေးလို့ရတယ်။
၄။ ကျန်တဲ့ ဗျည်း (၈) လုံး အတွက်က အဝဂ္ဂေါ၊ နပုံသကော တဲ့။ အဓိပ္ပါယ်က အုပ်စုမဟုတ်တဲ့ ဗျည်း (၈) လုံးက အဖိုလည်းမဟုတ်၊ အမလည်းမဟုတ်တဲ့ နပုံဗျည်းများ ဖြစ်တယ်တဲ့။ အခြောက်ဗျည်းပေါ့ဗျာ။ ဒါကြောင့် သူတို့က ဆင့်ချင်သလို ဆင့်လို့ ရသတဲ့။
ဥပမာ ။ ဗြဟ္မာ နဲ့ ဂိမှာနံ ( ဂိမှာနံ မှာပါတဲ့ `မှ´ ရဲ့ မူလ စာရေးပုံက မ နဲ့ ဟ ကို အထက်အောက် ဆင့်ထားလို့ `မှ´ ဆိုတဲ့ စကားလုံး ရတာပါ။ ဒါကြောင့် `-ှ´ ကို ဟထိုးလို့ မြန်မာလို အသံထွက်ပါတယ်။

၅။ ယ၊ လ၊ သ၊ ဠ ဆိုတဲ့ အ၀ဂ်ဗျည်းတွေက သူ့ ဖာသာသူ ပြန်ထပ်ရလို့ အဖိုဗျည်းလို့လည်း ထည့်တွက်ကြပါသေးတယ်။
ဥပမာ ။ ပေယျာလ၊ ဒုလ္လဘ၊ နမောတဿ၊ ဝိရုဠက

* ယျာ ရဲ့ မူလ ရေးသားပုံက `ယ´ အက္ခရာ နှစ်လုံးဆင့် ထားတာပါ။ ဒါကြောင့် `-ျ´ ကို ယပင့်လို့ အသံထွက်ပါတယ်။
* ဿ က `သ´ အက္ခရာ နှစ်လုံးဆင့် ထားတယ်လို့ လူအများ သိပြီး ဖြစ်ပါလိမ့်မယ်။
၆။ ရ၊ ၀၊ ဟ၊ အ ဆိုတဲ့ အ၀ဂ်ဗျည်းတွေကတော့ အချင်းချင်း ပြန်ထပ်တာ မတွေ့ရတော့ သူတို့ကို အမ စာရင်းထဲ ထည့်တွက်ကြပါတယ်။ဒါဆို ဗျည်း (၃၃) လုံးမှာ အဖိုဗျည်း (၁၉) လုံး နဲ့ အမဗျည်း (၁၄) လုံး ရှိတယ်လို့ ယူဆလို့လည်း ရပါတယ်။

မြန်မာစာလုံး စနစ်တကျ ရေးဆွဲပုံ

A letter from BURMA စာအုပ် မှ မြန်မာအက္ခရာ အသံထွက်ပုံ

မြန်မာ အက္ခရာ အဆင့်ဆင့် ပြောင်းလဲလာပုံအား အက္ခရာ နှိုင်းယှဉ်ပြပုံ

ပထမဆုံး မြန်မာအက္ခရာ သင်ပုန်းကြီးကျမ်း ကိုတော့ မြန်မာသက္ကရာဇ် ၁၂၃၅-၄၉ (AD-13) ရာစုအလယ် မှာ ဦးကျည်ပွေ့ ( ခေါ် ) ရှင်ဒိသာပါမောက် က ရေးသားပြုစုခဲ့ပါတယ်။ ၁၇၇၄ ခုနှစ် မှာတော့ သံလျင်မြို့ မှ ဗရင်ဂျီ ဖုန်းတော်ကြီး ပါကိုတိုး(Percoto) က ဗရင်ဂျီ ကျမ်းစာမှုများကို ရောမ မြို့သို့ ကူယူသွားခဲ့ရာ ရောမမြို့ က ဗရင်ဂျီ သာသနာပြု အဖွဲ့ ကမြန်မာအက္ခရာများကို တွေ့ရှိကာ သဘောကျခဲ့တဲ့အတွက် မြန်မာအက္ခရာကို မူတည်ပြီး ဂိတ်စပီလီ ( Guiseppe Expilly ) ဆိုသူ က ခဲစာလုံး တီထွင်ပြီး အဲဒီ ခဲစာလုံးတွေနဲ့ ပထမဆုံးသောမြန်မာ သင်ပုန်းကြီး စာအုပ်ကို ရိုက်နှိပ်ခဲ့ပါတယ်။

၁၇၇၆ ခုနှစ် မှာရိုက်နှိပ်ခဲ့တဲ့ မြန်မာ သင်ပုန်းကြီး စာအုပ်မှာ မှားယွင်းတာတွေရှိတဲ့ အတွက် ၁၇၈၇ မှာ ဘုန်းတော်ကြီး မင်တေအာဇာ ( Mantey Azza ) ဒုတိယအကြိမ်မြန်မာ သင်ပုန်းကြီး စာအုပ်ကို ရိုက်နှိပ်ခဲ့ပြန်ပါတယ်။

ကိုးကား
မြန်မာအက္ခရာရေးသားနည်းစနစ် ( ဦးမြတ်ကျော် )
ပေစာနှင့် ပေစာထုတ်ကြိုးပေါ်မှ ဆုတောင်းများ ( ရွှေဘို မိမိကြီး )
မွန်မြန်မာ အက္ခရာ သမိုင်း ( ဦးသာမြတ်)
မြန်မာအဘိဓာန် ( မြန်မာစာ အဖွဲ့ )

မြန်မာအက္ခရာထုပ္ပတ်

စာပေအက္ခရာ အထုပ္ပတ္ထိသည် စာပေလောကအတွင်း အရေးပါ အရာရောက်လာ ရသည်မှာ (ရှေးအရေးအသား)ကို သုတေသန နည်းဖြင့် စုံစမ်းရှာဖွေ၍ ရမှုကြောင့်ဟု ယူဆသင့်သည်။ အက္ခရာများကို စထွင်ရေးသားထား၍သာလျှင် လူမျိုးတစ်မျိုး၏ ဘာသာသာသနာ စာပေနှင့်တကွ ရည်မွန်မှု ယဉ်ကျေးမှု တိုးတက်လာရသည်မှာ ယုံမှားဖွယ်မရှိချေ။ရည်မွန်မှုသည် သိမြင်နားလည်မှု၏ သယ်ယူပို့ဆောင်ရေး ယာဉ်သဖွယ်ဖြစ်သည်ဟု ပညာကျော်များက ယူဆကြသည်။ ထိုနည်းတူစွာ စာပေအရေးအသားကိုလည်း ယဉ်ကျေးမှု၏ သယ်ယူပို့ဆောင်သောယာဉ်ဟုလည်း ယူဆထိုက်ပေသည်။ အက္ခရာ ဗဟုသုတ(ဝါ) လိပျန္တရ ဗဟုသုတတည်းဟူသော အက္ခရာ အရေး အသား အကြားအမြင်များနှင့် ပြည့်စုံသာလျှင် ဘာသန္တရ ဗဟုသုတနှင့် ဒေသဗဟုသုတတို့၏ အထူးတလည် အထောက်အပံ့များ ရချေမည်။

ထိုမျှမကသေး၊ အက္ခရာများကို တီထွင်ရေးသားထား၍ သာလျှင် စာပေ အရေးအသား ပေါ်ရချေ၏။ စာပေ အရေး အသားပေါ်၍သာလျှင် အမျိုးဘာသာ သာသနာနှင့်တကွ ရည်မွန်မှု ယဉ်ကျေးမှုတို့ တိုးတက်ကြီးပွားရ ချေ၏။ များသော အားဖြင့် နိုင်ငံတစ်နိုင်ငံ၏ အလံတော်နောက်က ကုန်ကူးသန်း ရောင်းဝယ်မှုသည် ထပ်ချပ် မကွာ လိုက်လာဘိသကဲ့သို့ ကိုးကွယ်သည့် အယူဝါဒနောက်သို့ အက္ခရာ အရေးအသားနှင့် တကွ ရည်မွန်မှု ယဉ်ကျေးမှုများကို ခေတ်အလိုက် အသုံးပြုကြ ၏။ ရှေးခေတ် အက္ခရာများသည် ယခုခေတ် အက္ခရာများမှ အဆင့်ဆင့် ဖြစ်ပေါ်လာသော အက္ခရာပွားများသာလျှင် ဖြစ်ပေသည်။

သို့ဖြစ်လေရကား ယခုခေတ် အက္ခရာများကို ကျေးဇူး အထူးပြုပေဘူးသော ရှေးခေတ်အက္ခရာများ၏ ဇာစ်မြစ်နှင့်တကွ ဖြစ်ပုံပျက်ပုံ အလုံးစုံကို ကုံလုံစေ့ငအောင် သုတေသနနည်းဖြင့် စုံစမ်း ရှာဖွေလျက်ပင် နေရချေသေးသည်။ ထိုအပြင် အက္ခရာထုပ္ပတ် စာပေဇာတ်ကို တခမ်းတနား စုံလင်စွာ ရေးသားနိုင်စေခြင်း အလို့ငှာ ကြိုးစားရှာဖွေ စုံစမ်းလျက်ပင် နေကြရသေးသည်မှာ သိသာထင်ရှားလေသည်။

အက္ခရာများကို မည်သည့်ခေတ်တွင်မဆို မှန်ကန်စွာ ဖတ်ရန်နှင့် ရေးသားရန် အထူးလိုလားအပ်သည်မှာလည်း ထင်ရှားလှ၏။ အက္ခရာပျက်ခဲ့လျှင် အနက်အဓိပ္ပာယ် အယူ အဆ လွဲရချေ၏။ အနက်အဓိပ္ပာယ်လွဲလျှင် လိုရာခရီးသို့ မရောက်သဖြင့် ဆင်းရဲကြီးစွာပင် ရချေသေး၏။ ထိုကြောင့် ပထမ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးကလည်း အောက်ပါလင်္ကာကို ဖွဲ့ဆိုတော်မူခဲ့လေသည်။

အက္ခရာပျက်၊ ယွင်းသွေကွက်၊ အနက်ချွတ်တိမ်းရာ။
အနက်မဖြောင့်၊ နည်းယူမှောင့်၊ ယွင်းထောင့်ကျင့်မှုရာ။
အကျင့်ပေါက်ပြဲ၊ နိဗ္ဗာန်လွဲ၊ ငရဲလားဘို့သာ။
အက္ခရာမှန်၊ ယင်းအပြန်၊ နိဗ္ဗာန်မလွဲရာ။ဟု
မဓုသာရတ္ထသတ်ပုံကျမ်းတွင် ရေးထုံးမှန် အက္ခရာမှန် ရေးရန် လိုလားအပ်ကြောင်းနှင့် စပ်လျဉ်း၍ ရေးသား စပ်ဆိုတော်မူ ခဲ့၏။

အက္ခရာမှန် ရေးသား၍ ဖတ်ဆိုရန် လိုလားသည့်အတိုင်း အက္ခရာမှ်ဖြင့် ရေးသားမှတ်ထားရန်ကိုလည်း ရှေးသူဟောင်း တို့က နှုတ်တစ်ရာ စာတစ်လုံးဟု ဆိုထုံးရှိသည်ကိုလည်း အထူးမှတ်သား ဆင်ခြင်ရာ ကုန်၏။

အက္ခရာများ၏ ဇာစ်မြစ်သမိုင်း

အက္ခရာ အရေးအသား၏ ဇာစ်မြစ်သမိုင်းကို တာဝန်ခံ၍ ရေးသားသူသည်လည်း ကဗျာ၊ လင်္ကာဆရာ ကဲ့သို့ပင် သမုဒ္ဒရာ ကမ်းနားတစ်လျှောက် ပြေးလွှားနေသော ကလေး သူငယ်နှင့် တူပေသည်။ အဘယ်ကြောင့်ဆိုသော် ရှေးအက္ခရာ အရေးအသား၏ အထုပ္ပတ္ထိကို ယခုထက်တိုင် သုတေသန နည်းဖြင့် ရှာမှီး စုံစမ်းလျက်ပင် ရှိသေးသည်။ အောက်ပါ အချက်များကိုလည်း တိကျပြတ်သားစွာ သိရန် လိုသေးသည်ဟု လည်း ထင်မြင်ယူဆပေသည်။ (၁) အက္ခရာများကို တီထွင်ရေးသားသူတို့၏ အမည်များ။ (၂) အက္ခရာများကို စတင်ရေးသားသော ခုနှစ် သက္ကရာဇ်။ (၃) အက္ခရာများကို မည်သည့် အယူဝါဒနှင့်ဘာသာစကားအတွက် ရှေးဦးစွာ ရည်မှန်း၍ ရေးသားကြောင်း။ (၄) အက္ခရာများကို တစ်လုံးမကျန် တိကျစွာ ဖော်ပြခြင်း။အက္ခရာများကို မည်သည့်ရေးစရာ အရာဝတ္ထုများ ပေါ်တွင် စတင်ရေး၍ မည်သည့် အရပ်ဒေသမှ မည်သည့်အရပ် ဒေသသို့ အဆင့်ဆင့် ကူးပြောင်းယူဆောင်သွားကြသည့် ခုနှစ်၊ သက္ကရာဇ်မှန်နှင့် သမိုင်းမှန် စသည်တို့၏ ဖြစ်ပုံပျက်ပုံ အလုံးစုံ ကို ကုံလုံစေ့ငအောင် သိပ္ပံနည်းဖြင့် အမှန်အကန်ရသည်ထက် ရအောင် ကြိုးစား၍ စုံစမ်းလျက်ပင် ရှိချေသေးသည်။ ပုံစံ ဆိုသော် မြန်မာနိုင်ငံတွင် ‘ပျူ’စာကို ယခုထက်တိုင်အောင် လုံးစေ့ပါဌ်စေ့ အနက်အဓိပ္ပာယ် မဖော်ပြနိုင်သေးသည်မှာ ထင်ရှားသော အထောက်အထားတစ်ရပ်ပင် ဖြစ်ချေသည်။ ထိုအတူ အခြားနိုင်ငံများတွင်လည်း ရှေးအက္ခရာအရေးအသား တို့၏ အနက်ကို ကုန်စင်အောင် သိရန်အလို့ငှာ ကြိုးစားလျက် ပင် ရှိကြသေးသည်။

အက္ခရာသမိုင်း(ဝါ) အက္ခရာထုပ္ပတ်ကို အထူးဘာသာ တစ်ရပ်အဖြစ်နှင့် တက္ကသိုလ်များတွင် မသင်ကြားကြသေးသော် လည်း ကျောက်စာအတတ်ပညာနှင့် ရှေးအက္ခရာ အရေးအသား အတတ်ပညာများကို များမကြာမီက တစ်စတစ်စ ဆည်းပူးလေ့ လာကြသည်မှာ ထင်ရှားပေသည်။

ကမ္ပည်းကျောက်စာဆိုသည်မှာလည်း လက်တင်ကျောက်စာ၊ ဂရိကျောက်စာ၊ ဟီဗြူကျောက်စာ။ ဗြာဟ္မီ ကျောက်စာ အစရှိ သည်ဖြင့် အများအပြားရှိသကဲ့သို့ ရှေးအရေးအသားများတွင် လည်း လက်တင် ရှေးအရေးအသားနှင့် ဗြာဟ္မီရှေးအရေးအသား စသည်ဖြင့် အများအပြားပင် ရှိကြချေသေးသည်။

အီဂျစ်ပြည်၊ ဥရောပတိုက်နှင့် အာရှတိုက်တို့တွင် အရေး အသား အမျိုးမျိုးအဖုံဖုံ ရှိကြ၏။ ရှိကြသည့် အလျောက်လည်း ယင်းအရေးအသားတို့၏ ဖြစ်ပေါ်ပုံ ယူဆရာ၌လည်း ဝါဒကွဲ များရှိချေသေး၏။ ဤအက္ခရာ ပုပ္ပတ်များတွင် များသောအား ဖြင့် ပညာကျော်တို့က ယူဆပုံ တူသည်ကို ရေးသားဖော်ပြမည့် အပြင်၊ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကိုးကွယ်သည့် အယူ ဝါဒ၊ စာပေ အရေးအသား၊ ရည်မွန်မှု ယဉ်ကျေးမှုစသည်တို့ ဆက်သွယ်သည့်အလျောက် အိန္ဒိယကျောက်စာအက္ခရာ အရေး အသားကိုသာ မူတည်ထား၍ အယူအဆနှင့် ဆင်ခြင်မှုတို့ကို ရေးသားမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤအက္ခရာ ထုပ္ပတ်ရေးသားရာတွင် အာဖရိကတိုက်၊ ဥရောပတိုက်နှင့် အာရှတိုက် အနောက်ပိုင်း၊ အလယ်ပိုင်းမှ တွေ့ရသော အက္ခရာအရေးအသားများနှင့် အိန္ဒိယနိုင်ငံတွင် ရှေးဦးစွာ တွေ့ရသော ခရောသျှဠီနှင့် ဗြာဟ္မီ အက္ခရာတို့ ဆက်သွယ်ပုံကို အတိအကျ မှန်ကန်စွာ မပြောနိုင် ကြသေးချေ။ ထိုပြင် အလွန်နက်နဲခက်ခဲလှသော ပြဿနာဖြစ်သဖြင့် ယင်းအက္ခရာတို့၏ အထုပ္ပတ္တိကို အကျယ် တဝင့် ဖော်ပြရလျှင် ကျမ်းလေးရကျိုး နပ်မည်မဟုတ်သည့် အပြင် လိုရာခရီးပင် ရုတ်တရက်ရောက်နိုင်တော့မည် မဟုတ် ချေ။ ပုံစံဆိုသော် အီဂျစ်ပြည်၏ အရုပ်စာများ၊ အာရေဗျပြည်မှ ဆီးမိုက်လူမျိုးတို့၏ ဆီမစ်တစ်စာများ၊ မက်ဆိုပိုတေးမီးယား ပြည်မှ ဆူမားရီးယန်းလူမျိုးတို့၏ ကျူနီဖောင်းခေါ် မြားဦး အရေးအသားတို့ကို ဤအက္ခရာထုပ္ပတ်တွင် မူတည်ထား၍ ရေးသားမည့် ဗြာဟ္မီနှင့် ဗြာဟ္မီပွား အက္ခရာများနှင့် နှိုင်းယှဉ်၍ ပြရန် မလိုဟု ယူဆသည့်အလျောက် အနောက်ဘက်ရှိ အထက် ဖော်ပြပါ အက္ခရာများအကြောင်းကို လုံးဝချဉ်လှပ်၍ ထားမည် ဖြစ်ပေသည်။

ခရောသျှဠီ အက္ခရာသည် ပါးရှားပြည် ဗက်တြိယာခရိုင်ကို အစွဲပြု၍ ဗက်တြိယန်အက္ခရာဟုလည်း ခေါ်ကြ၏။ ယင်း အက္ခရာသည် ပါးရှားပြည် အရာမေအန် လူမျိုးတို့၏ အရာမေ အစ် အက္ခရာမှ ဆင်းသက်ဟန် တူကြောင်း ပညာရှိအများ ယူဆကြ၏။ ယင်းအက္ခရာများသည် ခရစ်တော်မပေါ်မီ လေး ရာစုနှစ်မှ သုံးရာစုနှစ်အထိ ထင်ရှား ပေါ်လွင်ခဲ့၏။ ခရောသျှဠီ အက္ခရာ၏ အဓိပ္ပာယ်ကား ကုလားအုဋ်(ကုလား အုပ်) နှုတ်ခမ်းသဖွယ် ကွေးကောက်နေသော ကမ္ပည်းစာဟု ဆိုလိုသည်။ ခရောသျှဠီ အရေးအသားသည် အာရိယန် အမျိုး သားတို့၏ အရေးအသား မဟုတ်ဘဲ အနရိယန် (ဆီမစ်တစ်) တို့၏ အရာမေအစ် အရေးအသားသာလျှင် ဖြစ်ကြောင်းကို အချို့ကျောက်စာ ပညာကျော်တို့က အတိအလင်း ရေးသား ကြ၏။

အိန္ဒိယ တိုင်းရင်း ကျောက်စာကြီးများ

အိန္ဒိယတိုင်းရင်း ကျောက်စာကြီးများအကြောင်းကို အကျဉ်း အားဖြင့် မဖော်ပြမီ အိန္ဒိယအမည်များကို သိသာဖော်ပြရန်ပေ ဦးမည်။ ပါသျှန် (ဖာရစီ)ကျောက်စာများတွင် ဟိန္ဒုဟု ရေးသား ထား၏။ ဂရိလူမျိုးတို့က အိန္ဒိယဟု ခေါ်ကြ၏။ ဝေဒ(ဗေဒ) ကျမ်းနှင့် ဝေဒန္ဒီဒဒ်ကျမ်းများတွင် သပ်ကသိန္ဓဝဟနှင့် ဟပ်တ ဟိန္ဒု အာရိယန်လူမျိုးတို့၏ နိုင်ငံအမည် ခေါ်တွင်ချေ၏။ ရည်မွန်မှု ယဉ်ကျေးမှုတို့၏ မီးနေအိမ်သဖွယ်ဖြစ်သော အာရှ တိုက်ခွဲကို ဖြတ်သန်းစီးသွားသည့် သိန္ဓုမြစ်(ဣန္ဒု)မြစ်ကို အစွဲ ပြု၍ သိန္ဓု၊ ဟိန္ဒု၊ ဟိန္ဒ၊ ဟိညုစထာန် စသည်ဖြင့် အလယ် ပိုင်းခေတ် စာရေးဆရာများက ခေါ်ဝေါ်ကြောင်း တွေ့ရသည်။ ဟိန္ဒုစထာန်ကို ပါဠိလို အက္ခရာဖလှယ်သော် စကို ချေ၊ ထဆင်ထူးကို ဌ ဝမ်းဘဲပြု၍ ဟိန္ဒုဌာန် (ဟိန္ဒုတို့၏ နေရာဌာန)ဟု သိရှိနိုင်၏။ အတိုချုံးရမည်ဆိုသော် ပါသျှန် ကျောက်စာ အရေးအသား ဟိန္ဒု (မြန်မာတို့ ယခုအခေါ်ဟိန္ဒူ) ကို ဂရိလူမျိုးများက အိန္ဒိယဟုခေါ်ခြင်းပင်ဖြစ်သည်။ မြောက်ပိုင်း အိန္ဒိယတိုင်းရင်းသား ကျောက်စာကြီးများကာဂုတ္တလိပိ၊
ကုဋိလလိပိ၊
နာဂရီ၊
သျှရဒါနှင့်
ဘင်္ဂလားများ ဖြစ်ကြ၏။တောင်ပိုင်း အိန္ဒိယတိုင်းရင်းသား ကျောက်စာကြီးများမှာမစ္ဆိမီ၊
မဓျပြဒေသျှီ၊
တေလုဂု-ကနဍီ၊
ဂြန္ထလိပိ၊
ကလိင်္ဂလိပိ၊
တာမိဠလိမိနှင့်
ဝေဓဠုတ္တုများ ဖြစ်ကြသည်။ လိပိသည် စာအရေးအ
သားဟု မြန်မာလို အနက်ရ၏။ဗြာဟ္မီ အရေးအသားသည် အိန္ဒိယနိုင်ငံတွင် ရှေးအကျဆုံး ဖြစ်၏။ ခရစ်တော်မပေါ်မီ သုံးရာစုနှစ် တိုင်အောင် အသောက ကျောက်စာ အရေးအသားများကို တွေ့ကြရ၏။ သို့ရာတွင် ခရစ်တော်မပေါ်မီ ငါးရာစု နှစ်အတွင်း ပိပြာဝါအရပ်ရှိ ထူပ (စေတီပုထိုး)နှင့် ဗရလိရွာတွင် အနည်းအကျဉ်း နှစ်နေရာ ရေးသားထားသည် ကို တွေ့ရ၏။ဗြာဟ္မီအက္ခရာ စတင်ရေးသားသော ခုနှစ် သက္ကရာဇ်နှင့် စပ်လျဉ်း၍ ကမ္ဘာပေါ်ရှိ ကျောက်စာပညာ ကျော်များက ယခု ထက်တိုင် အတိအကျ ဆုံးဖြတ်ချက် မချနိုင်သေးသည့် အပြင် အခြားကျောက်စာများနှင့် ဆက်သွယ်ရေး မည်သို့မည်ပုံ ရှိ၊ မရှိလည်း ဝေဖန်စဉ်းစားကြလျက်ပင် ရှိသေး၏။ ကျောက်စာ လောကတွင် အံ့ဩဖွယ်ဆုံး အခန်းတစ်ရပ်မှာ အိန္ဒိယနိုင်ငံ အနောက်မြောက်တွင် ပန်ဂျပ်နယ်ရှိ ဟရပ္ပနှင့် သိန္ဓုနယ်ရှိ မိုဟိန်ဇိုဒရိုမြို့ကြီးနှစ်မြို့နှင့် သိန္ဓုနယ်တောင်ပိုင်းရှိ ဆနှုဒရို အစရှသော မြို့ငယ်ကလေးများနှင့် ရွာများမှ လွန်ခဲ့သော နှစ်ပါင်း ၃ဝ ခန့်က တူးဖော်ရရှိသော ဣန္ဒုမြစ်ဝှမ်း ကျောက် စာအရေးအသားများပင် ဖြစ်၏။ ယင်းကျောက်စာများ တံဆိပ် တုံးများ အစရှိသည်တို့ကို တွေ့မြင်စုံစမ်း စစ်ဆေးကြည့်ရှုရခြင်း အားဖြင့် သမိုင်း ရာဇဝင်တွင် စာမတင်မီခေတ်က ရေးသားမှု၊ ရည်မွန်မှု၊ ယဉ်ကျေးမှုတို့သည်ကား အံ့ဖွယ်တနန်းရှိချေ၏။ ယင်းအရေးအသားများ၏ အဓိပ္ပာယ်ကို ဖော်၍ပင် မရသေးချေ။ ဤအရေးအသားများသည် အရုပ်စာများပင် ဖြစ်သည်ဟု သိရပေ၏။ကျောက်စာ ရှေးအရေးအသား အမှတ်သင်္ကေတ လေ့လာ ဆည်းပူးရာ၌လည်း (၁) စိတ်ရှည်ရှည်ထားရသည့် သည်းခံမှု၊ တစ်ဖတ်သတ် လိုရာသို့ မယိမ်းယိုင်မှု၊ (၃) သန့်ရှင်း တည်ကြည်၍ ပညာဉာာဏ်ယှဉ်တွဲလျက် ဆုံးဖြတ်မှု အစရှိသော အချက်ကြီးသုံးချက်ကို အမြဲထာဝစဉ် ဂရုမှုရချေမည်။ ကျောက် စာပညာကျော် လင်ဒန်၊ ဟန်တာနှင့် ဗီ၊ ဟရိုဇနီးတို့ကလည်း အနည်းနည်းအဖုံဖုံ အိန္ဒိယအက္ခရာများ၏ ပုံစံရင်း မူလအခြေခံ ဖြစ်သော ဗြာဟ္မီအက္ခရာနှင့် ဆက်သွယ်ကြည့်ကြ၊ စိစစ်ကြ၊ အဓိပ္ပာယ် ကြံဆ၍ ဖော်ကြသော်လည်း ပညာရှင်တို့ သဘော ပေါက်အောင် မစွမ်းဆောင်နိုင်သေးချေ။ မည်သို့ပင် ဖြစ်လင့် ကစား အစတွင် ဖော်ပြထားသည့်အတိုင်း ရှေးအက္ခရာတို့၏ ဆက်သွယ်ပုံကို စုံလင်ကုံငအောင် ဝေဖန်နည်းများကို အကျယ် ရေးသားနေပါက လိုရာခရီး ဖြစ်သော အက္ခရာထုပ္ပတ် ပန်းတိုင် သို့ လွယ်လင့်တကူ မရောက်နိုင်မည့်အပြင် ကျောက်စာ မဆည်းပူးသူတို့ အတွက် နားထွေးစရာ ဖြစ်မည်ကား မုချ မလွဲတည်း။

ဗြာဟ္မီအက္ခရာမှ အိန္ဒိယ အက္ခရာများ၊ ဂြန္ထ၊ ပျူနှင့် မွန်အက္ခရာများ အဆင့်ဆင့် တိုးပွားဆင်းသက်လာသည့် သက်သေခံပစ္စည်းများကား ခိုင်လုံသည်ဟုသာ ပညာကျော် အများ ဆုံးဖြတ်ယူဆမှုရှိသည့်အလျောက် မွန် မြန်မာ အက္ခရာသည် ဗြာဟ္မီအက္ခရာပုံစံရင်းမှ မည်သို့ သက်ဆင်း ဟန်တူကြောင်းကိုသာ မူတည်ထား၍ ရေးသားဖော်ပြ လိုပေသည်။

ဣန္ဒုမြစ်ဝှမ်း အရေးအသားနှင့် ဗြာဟ္မီအက္ခရာ ဆက်သွယ် ဖြစ်ပေါ်လာပုံကို တိကျခိုင်လုံစွာ မဖော်ပြနိုင်သေးသည်မှာ သိသာထင်ရှား၏။ ဗြာဟ္မီအဆရာသည် အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် စာမတင်မီခေတ်က ရှေးပင်ရင်း ဇာတိအက္ခရာ ဟောင်းများမှ ဆင်းသက်လာသည်။ သို့တည်း မဟုတ် ဗြာဟ္မီကို ဗြာဟ္မာကြီးက တီထွင်၍ထားသော အက္ခရာပင် ဖြစ်သည်ဟု အစရှိသည်ဖြင့် ယူဆမှုတို့ကို စွဲလမ်းနေသည်မှာ အယူဝါဒရေး စိတ်ဓာတ် ပယောဂနှင့် မကင်းသလို ဖြစ်နေ သည်ဟု ယူဆရပေသည်။ ပညာကျော်များက ဗြာဟ္မီအက္ခရာ သည် ခရစ်တော်မပေါ်မီ ရှစ်ရာစု၊ ခုနစ်ရာစုနှစ်ခန့်တွင် စတင်ပေါ်ဟန်တူသည်ဟု ယူဆကြ၏။ ထိုပြင် တဝ အနောက် နိုင်ငံ ပညာရှင်များက တီထွင်မရေးသားဘဲ အခြားဒေသများမှ ရှေးအက္ခရာများကို အမှီသဟဲပြုရ ခြင်း ကင်းဟန်မတူဟု ယူဆ ကြသေး၏။ အိန္ဒိယအက္ခရာတို့သည် လုံးဝအက္ခရာစစ်မဟုတ်ဘဲ အက္ခရာဝက် အက္ခရာခြမ်းမျှသာ ဖြစ်သည်ဟုလည်း ယူဆကြ သေး၏။ ဗြာဟ္မီအက္ခရာများမှ အိန္ဒိယမြောက်ပိုင်းနှင့် တောင် ပိုင်းအက္ခရာများ တိုးပွားထွန်းကားလာသည်ဟု ပညာရှင်အများ ယူဆကြ၏။

အလွန်ထင်ရှားသော အသောကမင်းတရား၏ ကျောက်စာ ပေါင်း ၃၅ ခုကို ခရစ်တော် မပေါ်မီ ၂၇၄ ခုနှစ်မှ ခရစ်တော် မပေါ်မီ ၂၃၇ ခုနှစ်တိုင်အောင် ကျောက်တုံးကြီးများ၊ ဂူနံရံများ နှင့်ကျောက်တိုင်များတွင် ဗြာဟ္မီအက္ခရာများဖြင့် ကျောက်ထက် အက္ခရာတင်ထားသဖြင့် အသောကမင်းတရားကြီး၏ အစိုးရ အုပ်ချုပ်ပုံ နည်းစံနစ်များ၊ အကျင့်စာရိတ္တ ပြုပြင်ရေးနှင့် စပ်လျဉ်းသော လောကနီတိကျမ်းများ၊ မိမိကိုယ်၏ အတ္ထုပ္ပတ္တိ စာတမ်းများကို များစွာ စိတ်ဝင်စားဖွယ်ကောင်းအောင် စုံလင် စွာ ရေးသားထား၏။ ယင်းကျောက်စာများတွင် ထူးခြားသော အကြောင်းရပ်များ သီးခြားပါဝင်သည့်အပြင် နီတိကျမ်းများနှင့် အမိန့်တော် ပြန်တမ်းများလည်း မြောက်မြားစွာ ရေးသားထား ၏။ ကမ္ဘာပေါ်တွင် မည်သည့် ဧကရာဇ်မင်းများမှ ရှေးက ဤကဲ့သို့ စုံလင်စွာ ရေးသားမထားခဲ့ဘူးချေ။

အသောကမင်းတရား ကျောက်စာများသည် အိန္ဒိယနိုင်ငံတွင် ဘာသာစကားနှင့် စာပေအရေးအသား လောက၌ နေလသဖွယ် ရှိသည်မှာ ထင်ရှားလျက်ရှိ၏။ အသောကကျောက်စာများသည် စာတတ်ပေတတ်များ အတွက်သာမဟုတ်ဘဲ၊ စာပေများစွာ မတတ်သူတို့အတွက်ပါ ရည်စူးလျက် အကွင်းအကွက်ကျသော လမ်းမကြီးများနှင့် ဘုရားဖူးရန် အရပ်များမှာ စိုက်ထူထား၏။ ကျောက်စာများကို လူနည်းစုအတွက်သာ အကျိုးရှိသော စာသံပေသံ ပြောင်လှသော သင်္သကြိုက် ဘာသာဖြင့် (ပြာကရိတ-ပြကတိ၊ ရိုးရိုးနှင့် ထီးသံနန်းသံ မပါသော ကျေး လက်သုံး ဆင်းရဲသား ဘာသာစကား)ဖြင့်သာ ရေးသားထား၏။ အသောကကျောက်စာများကို စကားလုံး ထွားထွားနှင့် ခန့်ညား ကြီးကျယ်စွာ မရေးသားထားချေ။ အသောကကျောက်စာများ သည် ပါဠိဘာသာမှ မြန်မာဘာသာပြန် ဆရာတို့ နည်းယူ လောက်အောင် လူထုနားလည်မှုကို အရင်းခံထား၍ ပြာကြိုက် ဘာသာဖြင့် ရေးသားခဲ့လေသည်။

ဤသို့ ရေးသားပြီးသကာလ သာသနာပြု၍သာလျှင် အသောကမင်းတရား၏ သာသနာ ဖြန့်ချိရေး လုပ်ငန်းတွင် ကျယ်မှု အကြောင်းကြီးတစ်ရပ် ဖြစ်ပေါ်လာချေသည်။ အသောကကျောက်စာများသည် ဗြာဟ္မီ အက္ခရာဖြင့် ရေးသား ထားသည်ကို ဟိမဝန္တာတောင်ခြေမှ မိုက်ဆိုနယ်အထိနှင့် ဘဂ‡လားအောက် ကမ်းခြေမှ အာရေဗျ ပင်လယ်ကမ်းခြေအထိ ထင်ရှားစွာ တွေ့ရ၏။ ထိုကျောက်စာများကို ရှေးအလွန်ကျ သည့် ဗြာဟ္မီကြီး မဟုတ်သည့်တိုင်အောင် မောရယဝံသီ- နှောင်းဗြာဟ္မီ အက္ခရာဖြင့် ရေးသားထားသည်ဟု ဆိုရချေမည်။

မြောက်ပိုင်း အိန္ဒိယကျောက်စာ

ဂုတ္တလိပိ-ဂုတ္တဝံသီ မင်းများ ခေတ်အခါတွင်အိန္ဒိယပြည် မြောက်ပိုင်း တစ်ပိုင်းလုံးတွင်ယင်းကျောက်စာအရေးအသားကို ခရစ်လေးရာစုနှစ်နှင့် ငါးရာစုနှစ်အကြားတွင် အသုံးပြုသဖြင့် ဂုတ္တလိပိဟု ခေါ်ဟန်တူသည်။ကုဋိလလိပိ-ဤအက္ခရာများ ရေးသားရာ၌ ထူးခြား သော အချက်တစ်ရပ်မျာ သရများ၏ ရေးချ၊ လုံးကြီးတင်၊ ချောင်းငင်၊ သေ0xkd;၊ သေ0xkd;ရေးချ စသောအမှတ်လက္ခဏာ တို့သည် အတွန့်တက်၊ အကောက်အကွေးပုံများ ရှိသဖြင့် ကုဋိလဟု အမည်နာမပေးထားခြင်း ဖြစ်သည်။ ကုဋိလ အရေး အသားသည် ဂုတ္တိလိပိ အက္ခရာပွားဖြစ်၍ ခရစ်နှစ် ခြောက်ရာစု မှ ကိုးရာစုတိုင်အောင် အသုံးပြုသည့်အပြင် ယင်း အရေး အသားမှ တစ်ဖန် နဂရီနှင့် သျှရဒါအက္ခရာများ ထပ်ဆင့် တိုးပွား၍ ပေါ်လာပြန်ချေသည်။

နာဂရီ-ယင်းအက္ခရာသည် အိန္ဒိယမြောက်ပိုင်း၌ ခရစ် ကိုးရာစုနှစ်ခန့်တွင် တွေ့ရ၏။ သို့ရာတွင် အိန္ဒိယ တောင်ပိုင်း၌ကား ခရစ် ရှစ်ရာစုနှစ်မှ စ၍ အသုံးပြုကြ၏။ အကြောင်းမှာမူ တောင်ပိုင်းအရပ် ရဠကုဋဝံသီမင်း ပိုင်နယ်ရှိ၊ သာမနာဂဎနှင့် ကောလှာပုရဧကရာဇ်မင်း အုပ်ချုပ်နယ်တွင် သက္ကရာဇ် ၆၇၅ ခု သက သံဝတ်နှစ် (ခရစ်နှစ် ၇၅၄)၌ အလှူတော် ပေးလွှာများကို နာဂရီနှင့် ရေးသားထားသည်ကို တွေ့ရ သောကြောင့် ဖြစ်သည်။ တောင်းပိုင်းဒေသများတွင် ဆက်လက် အသုံးပြုပြီး သကာလ ခရစ် ၁၆ ရာစုနှစ် နောက် အသွင်တစ်မျိုးဖြင့် ဤအက္ခရာများကို ရေးကြပြန်၏။ တောင် ပိုင်းအရပ်တွင် ဤအရေးအသားကို နန္ဒီနာဂရီခေါ်တွင်လေ၏။ ရှေး အရေးအသား နာဂရီမှ ရှေးကျသော ဘင်္ဂလာ (ဘင်္ဂလီ) အရေအသား ပေါက် ပွားလာ၏။

နာဂရီ အရေးအသားမှ တစ်ဖန် ကဲတီ၊ မဟာဇနီ၊ ရာဇာ ထာနီနှင့် ဂုဇရာတီ အရေးအသားများ ပွားထွက်လာ၏။ အိန္ဒိယ အရေးအသားများအနက် အရေးအကြီးဆုံးဟု ယူဆကြ သော နာဂရီ (ဝါ) ဒေဝနာဂရီသည် ဂျာမန်ကျောက်စာပညာ ကျော် ဗျူလား အမည်ပေးသော သိဒ္ဓမတြိက အက္ခရာမှ တစ်ဆင့်ရသော ဂုတ္တအက္ခရာ ပွားဟု ဆိုကြ၏။ နာဂရီ မူင်းအဓိပ္ပာယ်ကို တပ်အပ်သေချာစွာ မဖော်နိုင်ကြသေးသော် လည်း အချို့ ကျောက်စာ ပညာကျော်များက လလိတ ဝိတ္ထာရ ခေါ် ဗုဒ္ဓဝင်တွင် ရှေးဦးစွာ ရေးသားထားနော နာဂလိပိ (ဝါ) နာဂတို့၏ အရေးအသားဟု ယူဆကြ၏။ ဒေါက်တာ အယ်၊ ဒီ၊ မားနက်မူ နာဂလိပိနှင့် ဒေသနာဂရီ မည်သို့မျှ အဆက် အသွယ် မရှိဟု ယူဆ၏။ အချို့ အရပ်ခေါ်မှာ နာဂရ အရေး အသား (မြို့သုံးစာ) (ဝါ) နာဂရခေါ် ဂုဇရတ်ပုဏ္ဏားတို့၏ အရေးအသားဟု ယူဆ၏။ ယခုခေတ်တွင်လည်း နာဂရီကို ‘နတ်စာ’၊ ‘ပုဏ္ဏားစာ’ (ဝါ) နန်းသုံးထီးသုံးစာဟု ဆိုလိုကြ သေး၏။ သင်္သကြိုက်များကို များသောအားဖြင့် ရှေးအထက် ကျော် ကာရီက စ၍ ဒေဝနာဂရီ အက္ခရာဖြင့်သာ ရေးကြ၏။

သျှရဒါ-ဤအရေးအသားကို အိန္ဒိယ အနောက် မြောက်ပိုင်းရှိ ကသျှမီရနှင့် ပန်ဂျာဗ်နယ်တွင် အသုံးပြု၏။ ခရစ်ရှစ်ရာစုနှစ်တွင် မေရုဝမ္မာမင်းလက်ထက်တွင် ဤကျောက် စာများကို အသုံးပြုကြသည့်အပြင် ထိုအချိန်အခါတွင် ကုဋိလ ကျောက်စာလည်း ပန်ဂျာဗ်နယ်တွင် ထေခတ်စားလျက်ပင် ရှိ သေး၏။ ထိုနောက် တစ်ဖန် ဤကုဋိလမှ သျှရဒါကို ဆက်လက် တိုးပွား ရေးသားကြ၏။ ယခုတွေ့ရသရွေ့မှာ ရှေးအကျဆုံး သျှရဒါ အရေးအသားများကို စဗ္ဗာဧကရာဇ် မင်းပိုင်နယ် သရဟန်အရပ်တွင် ကျောက်စာ၊ ကြေးပေလွှာ အစရှိသည်တို့တွင် ရေးသားထားကြောင်း တွေ့မြင်ရ၏။ ဤအရေးအသားကို ခရစ် ၁ဝ ရာစုနှစ်တွင် ပေါ်ပေါက် ဟန်တူသည်ဟု ယူဆကြ၏။ ဤအရေးအသားမှ ရျေးကသျှမီရီ နှင့် ဋာကရီ အရေးအသားများ ပွားထွက်လာကြ၏။ ထိုပြင် ပန်ဂျာဗီခေါ် ဂုရုမုခီအက္ခရာလည်း ယင်းသျှရဒါမှ ပေါ်ထွက်လာ ရသော အကြောင်းရင်းခံချေ၏။

ဘင်္ဂလာ (ဘင်္ဂါလီ)-ဤအရေးအသားသည် ရှေး နာဂရီအက္ခရာမှ ခရစ် ၁ဝ ရာစုနှစ်ခန့်တွင် ပွားထွက်လာ၏။ ဗဒါလ ထမ္ဘ(ကျောက်တိုင်)ကို တူးဖော်ရရှိသောအခါ နာရာ ယဏပါလမင်း လက်ထက်တွင် ခရစ် ၁ဝ ရာစုနှစ်တွင် ဘင်္ဂလာ အက္ခရာဖြင့် ရေးသားထားသည်ကို တွေ့ရ၏။ ယင်းဘင်္ဂလာ (မြန်မာခေါ် ဘင်္ဂါလီ) အက္ခရာမှ ခရစ် ၁၁ ရာစုနှစ်တွင် နေပါလအက္ခရာ ပွားထွက်လာ၏။ ထိုအတူ ယခုခေတ် သုံးဘင်္ဂါလီ၊ မဲထိလနှင့် ဥဍိယ အရေးအသားများ တစ်ဖန်ပွားထွက်လာပြန်၏။

တောင်ပိုင်း အိန္ဒိယကျောက်စာများ

တောင်ပိုင်းကျောက်စာများသည် ရှေးဗြာဟ္မီ အရေးအသားမှ ပုံအသွင် အဆင့်ဆင့် ပေါ်ထွန်းလာပြီး သကာလ ခတြပနှင့် အန္ဓရဝသီမင်းများ လက်ထက်သုံး အက္ခရာများဖြစ်ပွားကြ ပြန်၏။ ထိုနောက် များမကြာမီ ဒက္ခိဏကုန်းပြင်မြင့်ရှိ နာဆိက၊ ကာရလီ အစရှိသော ဂူများအတွင်း၌ ရေးသား ကုန်သော ကျောက်စာများ ဖြစ်ကြပြန်၏။ ယင်းကျောက်စာ များသည် အောက်ပါအတိုင်း ဖြစ်၏။ပစ္ဆိမိ (အနောက်ပိုင်းကျောက်စာ)-ဤအရေးအသားကို အသုံးပြုခဲ့သော ကာဠိအာဝါဍ၊ ဂုဇရာတ်၊ နာဆိက၊ ခါန်သျှေနှင့် ဆတာရာခရိုင် များ၊ ကုန်ကန်နှင့် အချို့အချို့သော မိုက်ဆိုနယ်များတွင် ခရစ် ငါးရာစု နှစ်ခန့်မှစ၍ ကိုးရာစုနှစ်ခန့်အထိ တွေ့ရှိရ၏။ ခရစ် ငါးရာစုနှစ်ခန့်တွင် ရာဇပူတာနာနှင့် အိန္ဒိယအလယ်ပိုင်း၌ အချို့အချို့သောဒေသများတွင် ယင်းအရေးအသားများကိုတွေ့ ရသေး၏။ ထိုနောက် မြောက်ပိုင်း အရေးအသားများ၏ လောင်းရိပ်ကိုလည်း အတော်အတန် မိလေ၏။ အိန္ဒိယနိုင်ငံ အနောက်ပိုင်းဒေသများ၌ ပိုမို အသုံးပြုသည်ကိုအကြောင်းပြု၍ ပစ္ဆိမီအက္ခရာဟု အမည်ပေးဟန်တူ၏။

မဇ္ဈီမတိုင်း(မဓျပြဒေသျှီ)-ဤအရေးအသားကို အိန္ဒိယ အလယ်ပိုင်းပြည်နယ်များ၊ ဟိုက်ဒရာဗာဒ်နယ် မြောက်ပိုင်းနှင့် ဗုန်ဒေလခန္ဒရှိ အချို့ဒေသများတွင် ခရစ်ငါးရာနှစ်မှစ၍ ရှစ်ရာစု နှစ်နောက်ပိုင်းတိုင်အောင် တွေ့ကြရ၏။ ဤအရေးအသားများ၏ အက္ခရာတို့ ထိပ်ပိုင်းတွင် သေတ္တာများ ပုံသဏ္ဌာန် ရှိလေရာ များသောအားဖြင့် လေးထောင့်သေတ္တာများပုံမှာ ဟာလ ဟင်းလင်းဖြစ်၍ အချို့အက္ခရာများ၌ ရံခါရံခါ မင်းသည်း၍ ကင်းပိတ်ဖြစ်နေသည်ကို တွေ့ရ၏။ အက္ခရာတို့၏ ပုံသဏ္ဌာန် မှာ အနားထောင့်စွန်းများသည် များသောအားဖြင့် ညီမျှလက် ရှိနေရကား ထောင်လိုက်ဖြစ်စေ၊ ပြားလိုက်ဖြစ်စေ ထွင်းရရေးရ လွယ်၏။ အက္ခရာအဝိုင်း (စာလုံး) မရေးကြချေ။ ဤအရေး အသားသည် တစ်ခါတစ်ရံ ဗုံဗိုင်နယ် တောင်ပိုင်းခပ်ကျကျ အရပ်များ၊ မိုက်ဆိုနယ်အပြင် အိန္ဒိယနှင့် အလှမ်းဝေးကွာ သော အရှေ့ပိုင်းတိုင်း နိုင်ငံများအထိ ပြန့်ပွားဟန်တူ၏။ ဤ အရေးအသားကို အထူးအားငြဖ့် ကြေးပြားများတွင် ရေးသား ထား၍ ကျောက်ထက်အက္ခရာတင်သည်က နည်းပါးလေသည်။ တေလုဂု-ကနဍီ-ယင်းအရေးအသားသည် ဗုံဗိုင်နယ် တောင်ပိုင်းသေများဖြစ်သော ဒက္ခိဏကုန်းပြင်မြင့်ရှိ ဒက္ခိဏ ဘာရတ၊ ဒက္ခိဏီမရာဌာပြဒေသျှဟု ခေါ်ဝေါ်သော သျှောလာ ပုရ၊ ဗီဇာပုရ၊ ဗေလ ဂါမ၊ ခါရဝါဍ ခရိုင်များ၊ ဟိုက်ဒရာဗာဒ် မင်းများ စိုးပိုင်သော တောင်ပိုင်းဒေသများ၊ မိုက်ဆိုနယ်၊ မဒြာသ်(မဒရပ်)နယ် အရှေ့မြောက်ပိုင်းရှိ ဝိဇဂပါဓမ်၊ ကာဒါ ဝရီ၊ ကရိသျှဏာကရနူလ၊ ဗီလာရီ၊ အနန္တပုရ၊ ကဒ္ဒပ္ပါနှင့် နေလ္လိုရ ခရိုင်များတွင် တွေ့ရ၏။

ဤအရေးအသားကို ခရစ် ငါးရာစုနှစ်မှ တစ်ဆဲ့လေးရာစု နှစ်တိုင်အောင် ပုံသဏ္ဌာန် တစ်စတစ်စ ပြောင်းရွှေ့ပြီးသကာလ ယခုခေတ်သုံး တေလုဂု-ကနဍီ အရေးအသားများအဖြစ် ပြောင်းလဲလာရချေသည်။ သို့ဖြစ်သောကြောင့် ဤအရေးအသား ကို တေလုဂု-ကနဍီဟု အမည်ပေးထားသည်။ ယင်း တေလုဂု- ကနဍီ ခေါ် ရှေးအရေးအသားများကို အသေးစိတ် ခွဲထုတ်သော် အုပ်ချုပ်စိုးမိုးသော မင်းများကို အစွဲပြု၍ခေါ်သော ပလ္လဝ၊ ကဒံဗ၊ အနောက် အနောက်ပိုင်း စာလုကျ၊ အရှေ့ပိုင်း စာလု ကျ၊ ရာဠကူဋ၊ ဂင်္ဂါဝံသိ၊ ကာကတိ အရေးအသားများ အစရှိ သည်တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ပျူစာကို လေ့လာဆည်းပူးလိုသူတိုင်းပင် ယင်းအရေးအသားများကို အထူးသင်ကြားရန် လိုအပ်လှသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်စာပညာကျော်များ၏ ယူဆ ချက်အတိုင်းဆိုလျှင် သိရီ ခေတ္တရာမြို့ဟောင်း (မှော်ဇာနှင့် ပြည်မြို့အကြားရှိ မြို့ဟောင်းနေရာ)၌ ခရစ် ၁၈၉၇ ခုနှစ်တွင် တူးဖော်ရရှိသော မောင်းကန်ရွှေပေနှစ်ချပ်၊ ခရစ် ၁၉၂၇-၂၈ ခုနှစ်တွင် တူးဖော်ရရှိသော ခင်ဘရွှေပေ အချပ် ၂ဝ နှင့် ခရစ် ၁၈၈၆-၈၇ ခုနှစ်တွင် ပုဂံမြို့ မြင်းကပါတွင် တွေ့ရှိတူးယူ ရသော မြစေတီကျောက်စာလေးမျိုးအနက် တစ်မျိုးကို ပျူစာဟု ယူဆကြသည့်အပြင် ကဒံဗ ရှေးအရေးအသားနှင့် အတူဆုံးဟု ယခုအချိန်အထိ ဆုံးဖြတ်ထားကြသည်။ မြန်မာအက္ခရာဟောင်း (ကျောက်စာ)နှင့် ယင်းတေလုဂု-ကနဍီ အက္ခရာဟောင်းများ မည်ကဲ့သို့ ဆက်သွယ်ဟန်တူကြောင်း ယူဆပုံကိုလည်း အကျယ်ရေးသား ဖော်ပြမည်ဖြစ်သည်။ တေလုဂု- ကနဍီ ကျောက်စာ၊ ရွှေပေချပ်၊ ကြေးပေချပ်၊ ရှေးပေစာချပ် အစရှိ သည်တို့ကို အကျယ်ဆည်းလိုက အိန္ဒိယ ကျောက်စာများ၊ ကန္နဋီက ကျောက်စာနှင့် အိန္ဒိယရှေးဖြစ် အတ္ထုပ္ပတ္တိစာများကို လေ့လာဖတ်သားရန် အလွန် အရေးကြီးလေသည်။

ဂြန္ထလိပိ-ဤအရေးအသားကို မဒရပ်နယ် မြောက် ပိုင်းနှင့် တောင်ပိုင်း၊ အရကဋ်၊ သလောမတြိစိ နာပလိ၊ မဒူရာ နှင့် တိန္နေဝေလ္လိ ခရိုင်များတွင် တွေ့ရသည်။ အိန္ဒိယတောင်ပိုင်း ၏ အရှေ့ဘက်ရှိ ကဉ္စိပုရ မြို့တော်ကို စိုးပိုင်သော ပလ္လဝါမင်း များသည် ဂြန္ထအက္ခရာကို အများအပြား အသုံးပြုကြ၏။ ခရစ် ခုနစ် ရာစု နှစ်မှ ၁၅ ရာစုနှစ်တိုင်အောင် ရှေးအရေးအသား၏ အသွင်အပြင်သည် အဆင့်ဆင့် ပြောင်းလဲ၍လာရာ လက်ရှိ မာလာယာလမ်နှင့် တုဠု အရေးအသားတို့သည် ဂြန္ထလိမိမှ ပေါက်ပွားလာကြ၏။ မဒရပ်နယ်ရှိ တာမိဠ အရေးအသား၌ အက္ခရာ မစုံလင်သဖြင့် သင်္သကြိုက်ဘာသာကို မရေးနိုင်ကြ ချေ။

သင်္သကြိုက်ကျန်းဂန်များကို ပြုစုရေးသားရာတွင် ဤဂြန္ထ အရေးအသားဖြင့် ကျမ်းပြုလေ့ရှိကြသဖြင့် သသ‡ ကြိုက် ဂြန္ထလိပိ (ဝါ) သင်္သကြိုက် ကျမ်းဂန် အရေးအသားဟု အမည် ရသည်။ သင်္သကြိုက်ဂြန္ထကို အတိုချုံး၍ ဂြန္ထဟု အဖျားဆွတ်ပြီး ခေါ်ကြလေသည်။ ဂြန္ထ၏ အဓိပ္ပာယ်သည် ပါဠိလို ဂန္ထ (ကျမ်းဂန်)ပင် ဖြစ်သည်။ ကျမ်းဂန်းရေးရန်စာစု ဆိုလိုရင်း ဖြစ်သည်။

ကလိင်္ဂလိပိ-ဤအရေးအသားကို မဒရပ်နယ်ရှိ စီကောကောလနှင့် ဂံဇာမ်နယ် နှစ်နယ်ကြားအရပ်ရှိ ဂင်္ဂါဝံသီမင်းများလက်ထက်တော်တွင် အလှူပေးလွှာများ ရေးသားရာ၌ ခရစ်ခုနစ်မှ ၁၁ ရာစုနှစ်ကိုပင် အနည်းငယ် ကျော်လွန်၍ ရေးသားကြသည်ကို တွေ့ရ၏။ ဤအရေး အသားကို ဂင်္ဂါဝံသီမင်းဆက် ဒေဝိန္ဒြဝမ္မန်မင်းက ဂါန်ဂေယ သံဝတ် နှစ် ၈၇ ခု၌ ရှေးအကျဆုံး အလှူပေးလွှာတွင် ရေးသားထားကို တွေ့ရ၏။ ဤအရေးအသားတွင် မချပြဒေသ သျှီ အရေးအသားနှင့် ရောပြွမ်းနေသည်ကို တွေ့ရသည်။ အက္ခရာများကို ဦးခေါင်းတွင် သေတ္တာသဏ္ဌာန်၏ အတွင်းမှာ လုံးဝပြည့်နှက်လျက် လေးထောင့် ရှည်လျားလျား တွေ့ရသည်။ များသောအားဖြင့် အက္ခရာများ၏ ထောင့်များသည် ညီညွတ် ၏။ သို့ရာတွင် နှောင်းအခါ ကြေးပေလွှာများ ရေးကြရာတွင် ယင်းအက္ခရာများထဲ၌ နာဂရီ၊ တေလုဂု-ကနဍီ၊ ဂြန္ထလိမိများနှင့် ရောပြွမ်း၍ ရေးကြ၏။

တေလုဂု-ကနဍီ အရေးအသားဟု ဆိုအပ်သော ပလ္လဝ၊ ကဒံဗနှင့် စာလုကျလိပိများကို လေ့လာဆည်းပူး ထားသောသူ များအတွက် ကလိင်္ဂလိပိကို တစ်နာရီအတွင်းမှာပင် ဖတ်နိုင် ပေမည်။ အဘယ်ကြောင့်ဆိုသော် ခရစ် ငါးရာစုနှစ်မှ ခုနစ် ရာစုနှစ်အတွင်း ရေးသားသော တေလုဂု-ကနဍီ အရေးအသား များသည် ကလိင်္ဂ အရေးအသားနှင့် အလွန်ပင်တူသည်ကို တွေ့ရသောကြောင့် ဖြစ်ပေသည်။ ဤစာရေးသူ၏ ယူဆချက် အတိုင်းဆိုလျှင် ရှေးရေး ပျူ-မွန်-မြန်မာ ကျောက်စာများတွင် ကလိင်္ဂအက္ခရာများပင် အနည်းငယ် ရောနေသည်ဟု ထင်ရပေ သည်။

တာမိဠ – ယင်းအရေးအားသည် မဒရပ်နယ်၌ ရှေး ဟောင်း ဂြန္ထ အရေးအသားများ ခေတ်စားသည့် ဒေသများ ဖြစ်သော အနောက်ဘက် ပင်လယ်ကမ်းခြေရှိ မလာဗာရနယ် တွင် တာမိဠ ဘာသာစကားအတွက် အသုံးပြုသော အရေး အသားဟု ယူဆကြသည်။ ယင်းအရေးအသားသည် ခရစ်ခုနစ် ရာစုနှစ်က စ၍ ပေါ်လာသည်ဟု မှန်းဆကြသည်။ ဤအရေး အသားသည် များသောအားဖြင့် ဂြန္ထလိပိ၏ အက္ခရာများနှင့် ရောထွေး လျက်ရှိ၏။ သို့ရာတါင် ကနှင့် ရကောက် အစရှိ သော အချို့အက္ခရာများသည် မြောက်ပိုင်း ဗြဟ္မီ အရေးအသား နှင့် မပြားမခြား ရှိချေ၏။ ဤအရေးအသား၏ ပုံသဏ္ဌာန်သည် တဖြည်းဖြည်း ပြောင်းလာပြီးလျှင် ယခုခေတ် ရေးသားသော တာမိဠ လိပိအသွင်သို့ ဖြစ်ပေါ်လာချေသည်ဟု ယူဆသည် အလျောက် တာမိဠဟု အမည်ပေးထား၏။

ဝဓေ ဠုတ္တုလိပိ၊ ဤအရေးအသားသည် တာမိဠလိပိ၏ တစ်စိတ်တစ်ဒေသဖြစ်သည့်အပြင် အသော့ ရေးထားသော (လက်ရေးသော့)တာမိဠဟုပင် ဆိုနိုင်ချေသည်။ ဤအရေး အသားကို မဒရပ်နယ် အနောက်ဘက် ပင်လယ်ကမ်းခြေနှင့် တောင်ပိုင်းစွန်းရှိ ဒေသများတွင် ခရစ်ခုနစ် ရာစုနှစ်မှ ၁၄ ရာစုနှစ်တိုင်အောင် စာပေများနှင့် အလှူပေလွှာများ၌ ရေးသား ထားကြောင်း တွေ့ရ၏။ သို့ရာတွင် ၁၄ ရာစုနှစ် နောက်များ မကြာမီပင် ဤအရေးအသားသည် တိမ်ကော၍ သွားလေ၏။

အိန္ဒိယ ကျောက်စာဟောင်းကြီးများနှင့် ပျူ၊ မွန်၊ မြန်မာကျောက်စာများ ဆက်သွယ်ပုံ ဤကဲ့သို့ အိန္ဒိယကျောက်စာဟောင်းကြီးများတွင် အပါ အဝင်ဖြစ်သော မြောက်ပိုင်း ကျောက်စာများနှင့် တောင်ပိုင်း ကျောက်စာများ၏ အကြောင်းအရာကို သိသင့်သိထိုက် သလောက် မဖော်ပြပါမူ ပျူ-မွန်-မြန်မာ အက္ခရာများ၏ ဘိုးဘွား၊ မိဘ ဇာစ်မြစ်သဖွယ်ဖြစ်သော အရေးအသားများကို မြှုပ်ထားသည်နှင့် တူမည့် အပြင် ပျူ-မွန်-မြန်မာ အက္ခရာ ထုပ္ပတ်ကို စိစစ်ဝေဖန်ရန် အလွန်ခဲယဉ်းပေလိမ့်မည်။ ထိုအပြင် ကျောက်စာ ပညာကျော်များကလည်း ဗုဒ္ဓအယူဝါဒစာပေကို အိန္ဒိယတောင်ပိုင်း အရေးအသားများဖြင့် တွေ့ရှိကြောင်း ခိုင်ခံ့ သော အထောက်အထားများကို ပြကြ၏။ ထိုပညာကျော်ကြီး များ ယူဆသည့်အတိုင်း ဗုဒ္ဓအယူဝါဒစာပေသည် မဒူရာ၊ တန်ဇိုရနှင့် ကဉ္စိပုရမြို့ကြီးများမှ စ၍ မြန်မာနိုင်ငံသို့ သီဟိုဠ် ကျွန်းနှင့် မဆက်သွယ်မီကပင် ရောက်လာခဲ့သည်ဟု ဤစာရေး သူက ယူဆသည့်အပြင် အထက်တွင် ဖော်ပြခ့သည့်အတိုင်း ကိုးကွယ်သည့် အယူဝါဒ၏ နောက်သို့ အက္ခရာ အရေးအသား နှင့်တကွ ရည်မွန်မှု၊ ယဉ်ကျေးမှုသည်လည်း ထက်ချပ်မကွာ လိုက်မြဲဖြစ်သည်ဟု ဆင်ခြင်မိပေသည်။

ကဒံဗနှင့် တူသည်ဟု ယူဆထားသော ပျူအက္ခရာများကို လည်း သိရီခေတ္တရာမှ တူးဖော်ရရှိသော ရွှေပေချပ်များ အုတ် ချပ်များက ထင်ရှားစွာ သက်သေခံသည်။ ဒေါက်တာရန်ဂျန် ရိုင်း ရေးသားအပ်သော မြန်မာ ပြည် ထေရဝါဒ ဗုဒ္ဓအယူဝါဒ ကိုအကြောင်း စာမျက်နှာ ၃ဝ တွင် ထေရဝါဒ ဗုဒ္ဓအယူဝါဒ ကို ပါဠိဘာသာဖြင့် ခရစ် ငါးရာစုနှစ်မှ ၁၁ ရာစုနှစ်အထိ သိရီခေတ္တာမြို့ဟောင်းတွင် မြောက်မြားစွာ ရေးသားထားကြောင်း အထောက်အထား ခိုင်လုံစွာ ဖော်ပြထား၏။ ပါဠိတော်များနှင့် အရိုးအိုး ကျောက်စာများကို ပျူအက္ခရာ (တေလုဂု-ကနဍီ အက္ခရာဟောင်း)ဖြင့် ရေးသားထား၏။

ဒေသဆိုင်ရာ ဗြာဟ္မီအက္ခရာပွားများ

ပျူ-မွန်-မြန်မာ အက္ခရာများသည် ဒေသဆိုင်ရာ ဗြာဟ္မီ အက္ခရာပွားများဟု ကျောက်စာပညာကျော်တို့ ယူဆသည့် အလျောက် မည်သို့မည်ပုံ ပေါ်ထွန်းလာဟန်တူသည်ကို အက္ခရာတစ်လုံးစီ အကျယ်ဖော်ပြရန် ထာဝန်ရှိပေသည်။ ခရစ် ၁၂ ရာစုနှစ်ခန့်တွင် ရေးသားထားသော ပုဂံမြို့ရှိ မြစေတီ ပျူကျောက်စာသည် သိရီ ခေတ္တရာမြို့ဟောင်းမှ တူးဖော်ရရှိ သော ရှေးပျူ(ကဒံဗ)အက္ခရာများမှတစ်ဆင့် အနည်းငယ် ပုံသဏ္ဌာန် ပြုပြင်ပြောင်းလဲလာသည်မှာလည်း သိသာထင်ရှား ပေသည်။ဂုတ္တလိပိ၊ ကလိင်္ဂလိပိနှင့် ဂြန္ထလိပိ အရေးအသားများ အနည်းငယ် ရောပြွမ်းနေဟန် တူကြောင်းကိုလည်း တွေ့ရသည်။ ပဏ္ဍိတ်ဂေါ်ရီသျှန်ကား ဟီရာ စန္ဒ ဩဈာ၏ အိန္ဒိယနိုင်ငံ ရှေး အရေးအသားကျမ်းတွင် ရေးသားလွှာချပ်များ အမှတ် ၈၂ နှင့် ၈၃ ၌ ယခုခေတ် အက္ခရာများသည် ရှေးအက္ခရာများမှ အဆင့် ဆင့် ပေါ်ထွက်လာပုံကိုလည်း အခြေခံထား၍ ရေးသားထား သည်။

ဗြာဟ္မီအက္ခရာပွားဖြစ်သော ပျူ(ကဒံဗ) အရေးအသား များသည် မြန်မာနိုင်ငံသို့ မည်သည့် ခုနှစ် သက္ကရာဇ်တွင် ရောက်ကြောင်းကို အတိအကျ ပြောနိုင်ရန် ခဲယဉ်းလှ၏။ ထိုအတူ ဗြာဟ္မီ အက္ခရာပွားများဖြစ်သော မွန်-မြန်မာ အက္ခရာ တို့ကို မည်သည့် ခုနှစ်က စထွင်ရေးသားသည်ကို တပ်အပ် သေချာစွာ မည်သူမျှ မပြောနိုင်ချေ။

မဟာယာဉ်ဂိုဏ်း ဗုဒ္ဓအယူဝါဒသည် ခရစ် ငါးရာစုနှစ် မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ဟန်တူသည်။ ရွှေ ပေချပ်များ နှင့် ကျောက်စာ အထောက်အထားများအရဆိုလျှင် ဟိနာယာဉ် ဂိုဏ်း ဗုဒ္ဓအယူဝါဒသည် ခရစ် ငါးရာစုနှစ်ခန့်တွင် စတင် ရောက်သည်ဟု မှန်းဆရသည်။ ထိုအတူ ယိုးဒယားနိုင်ငံရှိ လောပ္ပုရိမြို့တွင် တွေ့ရသော ရှေးဟောင်း မွန်ကျောက်စာ အထောက်အထားများအရလည်း ခရစ် ငါးရာစုနှစ်ခန့်တွင် ဟိနာယာဉ် (ထေရဝါဒ)ဂိုဏ်ပေါ်ကြောင်း ယူဆရန် အကြောင်း တစ်ရပ်ရှိချေသည်။ ပြည်မြို့နေရာဟောင်း (သိရီခေတ္တရာ) တွင် တူးဖော်ရရှိသော ပျူစာများသည်လည်း ခရစ် ငါးရာစုနှစ်နှင့် ခြောက်ရာစုနှစ်အကြားတွင် အိန္ဒိယပြည် အသုံးပြုသော ရှေး အရေးအသား ကဒံဗ အက္ခရာများနှင့် အလွန်ပင်တူချေသည်။ ယင်းအရေးအသားများသည် ခရစ် သုံးရာစုနှစ်တွင် ကရိသျှနာ မြစ်ဝှမ်းကို နာဂါရကောဏ္ဍနှင့် ဇဂ္ဂယျေပေတမြို့များ၌ ဣက္ခာကုမင်းများ အသုံးပြုသော အရေးအသားများနှင့်လည်း တူသည်ဟု ယူဆကြသေးသည်။ ခိုင်လုံသော အကိုးအကားများ ထပ်မံမရသေးမီ ဟိနာယာဉ်(ထေရဝါဒ) ဗုဒ္ဓအယူဝါဒနှင့် ကဒံဗ(ပျူ) အက္ခရာများသည် ခရစ် ငါးရာစုနှစ်ခန့်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ကြောင်း ယာယီမူတည်ထား ပေသည်။

မွန်-မြန်မာ ကျောက်စာများ စတင်ရေးသားသည့်နှစ် မွန်-မြန်မာ ဘာသာစကားများကို ရေးသောအခါ မွန်- မြန်မာ အက္ခရာများသည် အိန္ဒိယတောင်ပိုင်းသုံး ဗြဟ္မီ အက္ခရာ ပွားများဖြစ်သည့်အလျောက် ကဒံဗနှင့် ဂြန္ထအက္ခရာများ၏ လောင်းရိပ်မကင်းရှိသည့်ဟု ယူဆ သင့်ပေသည်။ မွန်စာကို သထုံနယ်တွင် ခရစ်နှစ် ငါးရာစုခန့်မှာ စတင် ရေးသားဟန် တူသည်။ ဒွါရဝတီ ကောင်းစားစဉ်က ရေးသားထားသည်ဟု ယူဆရသော ပရပထုမ် ကျောက်စာသည် ရှေး ပျူ-မွန် အက္ခရာများနှင့် အလွန်တူသည်။ မြန်မာကျောက်စာကိုမူ ခရစ် ၁ဝ၅၈ ခုနှစ် (မြန်မာ ၄၂ဝ ပြည့်နှစ်)တွင် ရှေးသီးစွာ ပုဂံ ပြည်၌ လက်သည်းရှည်ဘုရား ကျောက်စာအဖြစ် ထိုးထား သည်ကို တွေ့ရ၏။ အနောက်ရထာ (အနုရုဒ္ဓါ) မင်းသည် ခရစ် ၁ဝ၅၇ ခုနှစ်တွင် သထုံပြည်ကို အောင်မြင်၍ ပိဋကတ် သုံးပုံများနှင့်တကွ မွန်ဘုန်းတော်ကြီးများကို ပင့်ဆောင်လာခြင်း၊ မွန်လက်မှုစက်မှု ပညာရှင်များကို ခေါ်ဆောင်လာခြင်း စသည် တို့မှာ မြန်မာရာဇဝင်သမိုင်းတွင် ထင်ရှားပေသည်။ သို့ရာတွင် ထိုသို့ ပိဋကစာပေများရရှိပြီးနောက်မှသာ မြန်မာများ အက္ခရာ အရေးအသား အတတ်ပညာကို မွန်များထံမှ ရသည်ဟု မယူဆ သင့်ချေ။ ပျူစာကို ခရစ် ငါးရာစုခန့် ကပင် သရေခေတ္တရာ ပြည်၌ အသုံးပြုကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်၏။ မြစေတီပျူကို ဖတ်ရှုရပြန်သောအခါ ခရစ် ၁၁၁၂ (၁၂ ရာစု)ခုနစ်အထိ ပျူစာ အရေးအသားရှိသေးသည်ကို သိရပြန်၏။ ခရစ် ငါးရာစုနှစ်ခန့်တွင် သထုံပြည်သို့ စတင်ရောက် လာသော ပါဠိ ဗုဒ္ဓအယူဝါဒစာသည် အိန္ဒိယတောင် ပိုင်းသုံး ဗြဟ္မီအက္ခရာပွားများဖြင့် ရေးသားခြင်းသာလျှင် ဖြစ်ချေမည်ဟု ယူဆအပ်ပေသည်။ မွန်အက္ခရာသည် ဂြန္ထအက္ခရာပွား ဖြစ် ကောင်း ဖြစ်ပေမည်ဟုလည်း ဒေါက်တာ ဒီရင်းဂျားက အက္ခရာရတ္တုပ္ပတ္တိတွင် ယူဆထားလေသည်။ ဤစာရေးသူ၏ ယူဆချက်နှင့် လုံးဝမတူချေ။ အဘယ်ကြောင့်ဆိုသော် ဂြန္ထ အက္ခရာသည် အိန္ဒိယ တောင်းပိုင်း အက္ခရာများအနက် အတွန့် အတက် အများဆုံးဖြစ်သည်။ ယိုးဒယားတွင် တွေ့ရှိရသော မွန် ကျောက်စာများသည် အတွန့်အတက် နည်းပါးသည့်အပြင် သိရီ ခေတ္တရာ ပျူအက္ခရာများနှင့် အလွန်တူသည်။ ပျူအက္ခရာနှင့် မွန်အက္ခရာသည် အဖိုးတူ၊ အဖွားတူ အက္ခရာများဟု ယူဆလျှင် မှားနိုင်မည် မဟုတ်ချေ။ ကဒံဗ၊ ပလ္လဝ၊ စာလုကျ၊ ဂြန္ထနှင့် ကလိင်္ဂ အက္ခရာပွားသာဖြစ်သဖြင့် ဆင်တူယိုးမှား အက္ခရာများ ဖြစ်ချေသည်။

ခရစ် ငါးရာစုနှစ်နှင့် ခုနစ်ရာစုနှစ်အကြား ယင်းဖော်ပြပါ အက္ခရာများသည်လည်း ဆင်တူယိုးမား ဖြစ်သည့်အလျောက် တစ်စတစ်စ ရောပြွမ်း၍ လာလေသည်။ ပုံစံပြရမည်ဆိုသော် မွန်-မြန်မာ အက္ခရာများ ဖြစ်သော ‘ည’နှင့် ‘ဠ’ကို ဂြန္ထလိပိမှ တိုက်ရိုက် ကူးယူဟန်တူသည်။ ဤအက္ခရာနှစ်လုံးကို အခြား ရှေး အရေးအသားများနှင့် ဆက်သွယ်ရန် အလှမ်းဝေးကွာ ပေသည်။ ထိုအတူ မွန်-မြန်မာ အက္ခရာ ‘ဏ’နှင့် ‘မ’ ကို ရှေးရေး ကလိင်္ဂအက္ခရာမှ တိုက်ရိုက် ကူးယူဟန်တူသည်။ မွန်-မြန်မာ အက္ခရာ ‘ဈ’ကို အခြားရှေး အရေးအသားများနှင့် လုံးဝ ဆက်သွယ်၍မရကြောင်းကို ဈအက္ခရတ္ထုပ္ပတ္တိတွင် ဖော်ပြ ထားပေသည်။

ပါဠိတော်ကို သိရီခေတ္တရာ မြို့ဟောင်းနှင့် သထုံပြည်တွင် ဗြာဟ္မီအက္ခရာပွားဖြစ်သော တေလုဂု-ကနဍီ အက္ခရာဟောင်း များဖြင့်သာ ရေးသည်ဟု ယူဆသင့်ပေသည်။ အထူးမှတ်သား ဖွယ် တစ်ရပ်မှာ ၁၉၄၃ ခုနှစ် တွင် ဒုတိယကမ္ဘာစစ်ကြီး အတွင်း စစ်ဘေးစစ်ဒဏ်ကြောင့် လုံးဝပျက်စီးခြင်းခံရသော ရန်ကုန်မြို့ ဗိုလ်တထောင်(ကျိုက်ဒေးအပ်)စေတီတော် မြေ အောက် ဌာပနာတိုက်ခန်းမှ မြတ်စွာဘုရား၏ ဆံတော်ဓာတ်နှင့် အတူ တူးဖော်ရရှိသော ဗုဒ္ဓမြတ်စွာ၏ ရုပ်လုံးပုံ အုတ်ခွက်၏ ကျောဖက်၌ပါရှိသော အက္ခရာများသည် တေလုဂု-ကနဍီ အက္ခရာဟောင်းဖြစ်သော ကဒံဗနှင့်တူသည့်အပြင် ယေဓမ္မာ ဟေ တုပ္ပဘဝါအစဖြာသော ရှင်အဿဇိ မထေရ်၏ ဓမ္မကထာ အကျဉ်းချုပ်သည် ခရစ် ၁၈၉၇ ခုနှစ်တွင် မှော်ဇာမြို့အနီး မောင်းကန်ရွာမှ တူးဖော်ရရှိသော မောင်းကန်ရွှေပေချပ် အမှတ် ၁ ၌ ရေးသားထားသော ယေဓမ္မာ ဟေတုပ္ပဘဝါအစ ဖြာ သည့် ဓမ္မကထာချုပ်နှင့်လည်း အလွန်တူကြောင်း ထင်ရှား ပေသည်။ ဒေါက်တာ ဒီရင်းဂျားက မွန်အက္ခရာသည် ဂြန္ထ အရေးအသားမှ တိုးပွားလာကောင်းလာပေလိမ့်မည်ဟု ယူဆ ထား၍သာလျှင် ဂြန္ထအက္ခရာများနှင့် ယှဉ်တွဲ၍ ပြရခြင်း ဖြစ်သည်။

ဤကျမ်းတွင် အက္ခရာတစ်လုံးစီအတွက် ဖော်ပြထားသော အက္ခရတ္ထုပ္ပတ္တိများတွင် မွန်-မြန်မာ အက္ခရာများကို ဘိုးဘွားမိဘ ဓာတ်ပုံများကို သားသမီး မြေးမြစ်တို့ ဓာတ်ပုံ များနှင့် ယှဉ်ပြဘိသကဲ့သို့ လည်းကောင်း၊ ဖားလောင်းငယ်၏ ဘဝမှ ဖားကြီးဘဝတိုင်အောင် အဆင့်ဆင့် ကူးပြောင်းပုံကို ရုပ်ပုံဖြင့် ပြဘိသကဲ့သို့လည်းကောင်း မွန်-မြန်မာ အက္ခရာ များသည် ရှေးရေး တေလုဂု-ကနဍီ အက္ခရာများမှ ပေါက် ပွားသော ကဒံဗအက္ခရာပွားသာလျှင် ဖြစ်သည်ဟု ယူဆသည့် အလျောက် ရှေးရေး အက္ခရာဟောင်းများဖြင့် အဆင့်ဆင့် ယှဉ်တွဲဖော်ပြထားသည်။

ဗြာဟ္မီ၊ (၂) ဗြာဟ္မီ ကုသန၊ (၃) ဂုတ္တလိပိ၊ (၄) ဂြန္ထ၊ ကဒံဗ၊ (၆) မောင်းကန်ရွှေပေချပ် အက္ခရာ၊ (၇) ခင်ဗ ရွှေပေချပ် အက္ခရာ၊ (၈) ပျူစာ မြစေတီကျောက်စာနှင့် အရိုးအိုးစာများ၊ (၉) မွန်- မြန်မာ ကျောက်ထက်အက္ခရာ (လေးထောင့်စာ)၊ (၁ဝ) မွန်-မြန်မာ ပေထပ်အက္ခရာ (စာလုံး)များ အဆင့်ဆင့် ပေါ်ထွန်းလာပုံကို ယှဉ်တွဲဖော်ပြ ထားသည်။

ကျောက်စာကို လေးထောင့် အက္ခရာများအဖြစ် ကျောက် ပြားပေါ်တွင် ရေးထွင်း၍ ရသော်လည်း ပေရွက် ထန်းဖူးရွက် ပေါ်တွင် ရေးသားရာ၌ အဝိုင်း(စာလုံး)အစြဖ် ရေးမှသာလျှင် ပေရွက်ထန်းရွက်များ မပေါက်ပြဲဘဲ ဖြစ်နိုင်သဖြင့် အဝိုင်း (စာလုံး)များ အဆင့်ဆင့် ပေါ်ထွန်းလာပုံကို ယှဉ်တွဲဖော် ပြထားသည်။

ကျောက်စာကို လေးထောင့် အက္ခရာများအဖြစ် ကျောက် ပြားပေါ်တွင် ရေးထွင်း၍ရသော်လည်း ပေရွက် ထန်းဖူးရွက် ပေါ်တွင် ရေးသားရာ၌ အဝိုင်း(စာလုံး)အဖြစ် ရေးမှသာလျှင် ပေရွက်ထန်းရွက်များ မပေါက်မြဲဘဲ ဖြစ်နိုင်သဖြင့် အဝိုင်း (စာလုံး) အရေးအသားများ ပေါ်လာကြောင်း မှတ်သား ရဘူးပေသည်။[၁]

ကိုးကား
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)

ကိုသူရိန်၏ စာစုအား ကူးယူဖော်ပြပါသည်
Source: https://www.facebook.com/groups/470685203281145/permalink/980753795607614/

Leave a Reply

Your email address will not be published. Required fields are marked *