ပါဌ်ဆင့် အသတ် ကင်းစီး

”အင်း … မြန်မာစာဆရာကြီးကို ကတ်သီးကတ်သတ် မေးသလိုများဖြစ်နေ မလားမသိဘူး။ မေးစရာတစ်ခု ပေါ်လာလို့ကွ”
”ဘာမေးမလို့လဲ။ အမိန့်ရှိစမ်းပါဦးဗျာ။ ကျွန်တော်ဖြေနိုင်ရင်လည်း ဖြေရမှာပေါ့”
အိမ်ကိုအလည်ရောက်လာသော သူငယ်ချင်းက စကားစသည့်အတွက် ကျွန်တော်က ခပ်သောေ သာကလေး ပြောလိုက်သည်။ ”သြော် …ခုပဲ ပြက္ခဒိန် ကြည့်နေရင်း မေးစရာပေါ်လာတာပါ။ နေ့နာမည်တွေမှာ ”တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ”ဆိုတဲ့နေ့နာမည် တွေက စာလုံး အပေါ်မှာ ငသတ်သေးသေး ကလေးတွေ တင်ပြီးရေးတာ ဘာကြောင့်လဲလို့ သိချင်လို့ပါ သူငယ်ချင်းရာ။ အဲဒီလို အ ပေါ်မှာမတင်ဘဲ ဟောဒီလိုရိုးရိုးပဲရေးလို့ မဖြစ်ဘူးလားကွာ”
သူငယ်ချင်းက ပြောပြောဆိုဆို စာရွက် တစ်ရွက်ယူပြီး ဘောပင်နှင့်ရေးပြသည်။ ”တနင်းဂနွေ၊ တနင်းလာ၊ အင်ဂါ”… တဲ့။ သူရေးပြသော စာလုံးတွေကို ကြည့်ပြီး ”ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့လည်း သိချင်ပါတယ်။ ဆရာရှင်းပြပါ” ဟု စာလာမေးသော တပည့်ကလေးများကပါ ထောက်ခံ ဆန္ဒပြုကြသည်။
”ကဲ အဲဒီငသတ်သေးသေးကလေး အကြောင်းပြောရင်တော့ ပါဌ်ဆင့်လို့ခေါ်တဲ့ စာလုံးဆင့်တွေအကြောင်းက စပြော မှရှင်းမယ်ထင်တယ်ကွာ”
”မှန်ပါ၊ ဟောတော်မူပါ”ဟု သူငယ်ချင်းက နောက်ရွှတ်ရွှတ်ပြောသည်။
”စာလုံးတစ်လုံးနဲ့ တစ်လုံး ဆင့်ပြီးရေးတဲ့စနစ်က ပါဠိစာလုံးတွေနဲ့ ပါဠိကလာတဲ့ မွေးစားစာလုံးတွေမှာ အသုံးများတယ်။ ပါဌ်ဆင့်လို့ခေါ် တာ မင်းတို့သိတယ်မဟုတ်လား”ကျွန်တော်က တပည့်တွေကိုမေးလိုက်သည်။
”သိပါတယ်ဆရာ။ မြန်မာစာမှာလည်း ပါဌ်ဆင့်တွေ မကြာခဏတွေ့ရပါတယ်”
”သာဓက သုံး၊ လေးလုံးလောက် ပြောပြ ကြစမ်းပါ”
”ဟုတ်ကဲ့ ”ကိစ္စ”တို့ ”ပဏ္ဏာ”တို့ ”ဒုက္ခ” တို့ ”အနဂ္ဃ”တို့ပါဆရာ”
”အေးဟုတ်တယ်။ အဲဒီစာလုံးတွေကို ရေးရင် စာလုံးဆင့်တွေနဲ့ရေးရတာပေါ့။ အဲ … စာလုံးဆင့်ပြီးရေးပေမယ့် ပါဠိ မဟုတ်တဲ့ စာလုံးတွေလည်း မြန်မာစာ ထဲမှာရှိသေးတယ်။ လိမ္မာ၊ လိမေ္မာ်၊ မိတ္တူ၊ ကုကိ္ကုတို့လို စာလုံးမျိုးတွေပေါ့။ ပါဌ်ဆင့်လိုဆင့်ရေးရင်း အသုံးတွင်ကျယ် သွားတာပါ။ မြန်မာပါဌ်ဆင့်လို့ ခေါ်နိုင်တာပေါ့”
”သူငယ်ချင်း၊ ငါမေးတဲ့ ငသတ်သေးသေး ကလေးတွေအကြောင်း မရောက်သေးဘူးနော်”
”အေးပါ၊ မကြာခင်ရောက် မှာပါ။ အဲဒီပါဌ်ဆင့်တွေက ဗျည်းတွေကို ဆင့်ရေးတာလေ။ နှစ်လုံးဆင့်ရာမှာ စာလုံးတူဆင့်တာနဲ့ စာလုံးကွဲဆင့်တာ ဆိုပြီး စနစ်နှစ်မျိုးရှိတယ်။ တက္ကသိုလ်တို့၊ သမဂ္ဂတို့၊ အနိစ္စတို့၊ ပဇ္ဇုန်တို့၊ ပဏ္ဏာတို့၊ သတ္တဝါတို့၊ ဆဒ္ဒန်တို့၊ နိဗ္ဗာန်တို့လို စာလုံးတူချင်းဆင့်တဲ့ ပါဌ်ဆင့်တွေရှိသလို ဒုက္ခတို့၊ အနဂ္ဃတို့၊ ပုစၧာတို့၊ မဇ္ဈိမတို့၊ ဝတၴုတို့၊ ဗုဒ္ဓတို့လို စာလုံးကွဲချင်း ဆင့်တဲ့ ပါဌ်ဆင့်တွေလည်းရှိပါတယ်”
”ဟုတ်ကဲ့ဆရာ၊ ကျွန်တော်တို့ မှတ်ထားပါမယ်”
”ခုပြောတာနဲ့ဆိုင်တဲ့ အရေးကြီးတဲ့ အချက်က အဲဒီပါဌ်ဆင့်တွေမှာ အ ပေါ်က စာလုံးကို အသတ်ပါတဲ့ စာလုံးအဖြစ်သတ်မှတ်ပြီး အသံထွက်ရင်လည်း အသတ် သံထွက်ရတယ်ဆိုတဲ့ အ ချက်ပဲ”
”ကျွန်တော်တို့ သိပ်နားမရှင်းပါဘူး။ ရှင်းပြပါဦးဆရာ”
”အေး ခုနပြောတဲ့ သာဓကတွေထဲက ”တက္ကသိုလ်” ဆိုပါတော့။ ”က”နှစ်လုံးဆင့်မှာ အပေါ်က ”က”ကို အသတ်ပါတဲ့ စာလုံးအဖြစ် စိတ်ထဲကသတ်မှတ်ပြီး ရှေ့က ”တ” နဲ့တွဲဖတ်ရင် ဘယ်လိုအသံထွက်မလဲ”
”တက်လို့ အသံ ထွက်မှာပေါ့ ဆရာ”
”အေး …ဟုတ်တယ်။ ဒါ့ကြောင့်လည်း ဒီစာလုံးကို ”တက်ကသို”လို့ အသံ ထွက်တာပေါ့။ ”ဒုက္ခ”ဆိုရင်လည်း ”ဒုတ်ခ” လို့ ခွဲဖတ်ရမှာပေါ့။ ”ဒုက်”ဆိုတဲ့စာလုံးပေါင်းက မြန်မာစာ မှာမရှိတော့ ”ဒုတ်”ဆိုပြီး မြန်မာစာမှာရှိတဲ့ တသတ်သံနဲ့ ပြောင်းဖတ်ရတယ်။ ဒီတော့ ”ဒုတ်ခ”လို့အသံထွက်တာ ပေါ့။ ”နိဗ္ဗာန်”ကို ခွဲရေးရင်လည်း ”နိဗ်ဗာန်” လို့ခွဲရေးရမှာပေါ့။ မြန်မာစာ သက်သက်မှာ ”ဗ်”မရှိတော့ အသံတူ”ပ်” နဲ့ပြောင်းပြီး”နိပ်ဗန်”လို့ ဖတ်ရတာပေါ့”
”ကဲ…ဟုတ်ပါပြီ။ ဆက်ပါဦး သူငယ်ချင်း”
”ခုမင်းမေးတဲ့ ငသတ်သေးသေးကလေးတွေ အပေါ်တင်ရေးတဲ့ အကြောင်း ရောက်ပါတော့မယ်။ စာလုံးနှစ်လုံးဆင့်ပြီး ရေးတဲ့စနစ်မှာ ”င”ဟာ အပေါ်မှာနေရတဲ့စာလုံး ပဲ။ ”င”ကို ဒီ့ပြင်စာလုံးရဲ့ အပေါ်မှာ အမြဲတင် ရတယ်လေ။
”ကဲ …စာလုံးတစ်လုံးပေါ်မှာ ”င”ကို တင်ပြီးရေးကြည့်စမ်း။ အသတ်နဲ့ တူမနေဘူးလား။ ”သင်ကာ”ဆိုတဲ့စာလုံးကို ခွဲမရေးဘဲ ”င”ကို ”က”ပေါ်တင်ရေးရင် ”သက်ာ”ဖြစ်နေမှာပေါ့။ ”အင်ဂ”လို့ ရေးရင်လည်း ”အဂ်” ဖြစ်နေမှာပေါ့။ ဒီ တော့ ”င”တစ်လုံးတည်း တင်ပြီးရေးရင် အသတ်နဲ့တူတဲ့အတွက် ရှုပ်ထွေးကုန်မှာစိုးလို့ အပေါ်တင်တဲ့အခါ ”င” တစ် လုံးတည်း မတင်ဘဲ အသတ်ကလေးပါထည့်ပြီး ”င်”လို့ရေးတာဖြစ်မယ်လို့ ယူဆရပါတယ်။ ရှေးက ပညာရှင်တွေက လည်း ဒီလိုပဲယူဆကြပါတယ်။ ဒါကြောင့်အပေါ် က ”င”တင်ရမယ့် စာလုံးတွေမှာ ငတစ်လုံးတည်း မဟုတ်ဘဲ အသတ် ပါတဲ့ ”င”ကိုတင်ပြီး ”သင်္ကာ၊ သင်္ခါရ၊ တနင်္ဂနွေ၊ သချၤာ၊ သငေ်္ဘာ၊ တနင်္လာ၊ ဟင်္သာ”လို့ ရေးတာတွေ့မှာပါ။ အဲဒီ ငသတ်ေ သးသေးကလေးကို ”ကင်းစီး” လို့ခေါ်တယ်”
”ကင်းစီးဆိုတာ ဘာအဓိပ္ပာယ်ပါလဲဆရာ”
”ကင်းဆိုတာ အကင်းကလေး၊ သေးသေးကလေးလို့ ဆိုလိုတာလို့ထင်ပါ တယ်။ အပေါ်ကစီးထားတဲ့ စာလုံးအသေးကလေး ကို ကင်းစီး လို့ခေါ်တာပါပဲ”
”သူငယ်ချင်းရှင်းပြတာ လက်ခံနိုင်စရာ ရှိပါတယ်။ ကျေးဇူးပါပဲကွာ”
”ကင်းစီးနဲ့ရေးရတဲ့ စာလုံးတွေက ခုန ပြောတဲ့ က၊ ခ၊ ဂ၊ ဃ၊ ဘ၊ လ၊ သဆိုတဲ့ စာလုံး တွေပဲ။ သတိရလို့ပြောရဦးမယ်။ အချို့က အသတ်ကို ကင်းစီးနဲ့ မှားရေး တတ်ကြတယ်။ ”ယောကျ်ား”ကို ”ယော ကျၤား”လို့ရေးတာမျိုးပေါ့။ အဲဒီလိုရေးရင်တော့ ”ယောက်ကျား”လို့ အသံမထွက်ဘဲ ”ယောင်ကျား”လို့ အသံထွက်မှာ ပေါ့”
”ဟုတ်တယ်နော်ဆရာ”
”ခု ဆရာပြောတာက ရိုးရိုးအသတ်ကို ကင်းစီးနဲ့ မှားရေးတာလေ။ မကြာခင်က မှားဖတ်တဲ့ အမှားတစ်ခု ကြားလိုက် ရသေးတယ်”
”ဘာပါလိမ့် သူငယ်ချင်း”
”ရိုးရိုးအသတ်ကို ကင်းစီးထင်ပြီး မှားဖတ်တာလေ။ ရုပ်မြင်သံကြားက စာပေ ဆုကြေညာသွားတာ။ ”ဒေါက်တာခင်လကျ်ာ ရေးသော ဖေဖေဗိုလ်လကျ်ာ”လို့ ဆုရ စာအုပ်ရေးသူနဲ့ စာအုပ်နာမည် ရေးထားတာကို ဘယ်လိုဖတ်တယ်ထင်သလဲ”၊
”ဒေါက်တာခင်လင်ကျာရေးသော ဖေဖေ ဗိုလ်လင်ကျာ”တဲ့ကွာ။ ကြားကြားချင်း ဘာတွေပြောနေပါလိမ့်ဆိုပြီး နားမလည်ဘူး။ နောက်စဉ်းစားကြည့်မှ သဘောပေါက်သွားပြီး ”ဖြစ်မှ ဖြစ်ရလေ”လို့ ညည်းမိတယ်”

Leave a Reply

Your email address will not be published. Required fields are marked *