မြန်မာယူနီကုဒ် စာလုံးများ -၅ ဗျည်းတွဲများ

ဗျည်းတွဲ – ပင့်ရစ်ဆွဲထိုး [U+103B , U+103C , U+103D , U+103E]

ဗျည်းစာလုံးနောက်တွင် အပိုဆောင်းဗျည်းသံအဖြစ် ထပ်တွဲနိုင်သည်။ ဗျည်းမဟုတ်လျှင် မတွဲနိုင်ပါ။ ပုံမှန်အားဖြင့် ဗျည်းနောက် သရ လိုက်လေ့ရှိပြီး ဗျည်းတွဲ ရှိခဲ့လျှင် အစဉ်မှာ ဗျည်း – ဗျည်းတွဲ – သရ ဖြစ်ပါသည်။
ဗျည်း – ဗျည်း အတွဲ နှင့် ဗျည်း – ဗျည်းတွဲ မတူသဖြင့် ဗျည်းတွဲဟူ၍ သီးခြားသတ်မှတ်ထားခြင်း ဖြစ်သည်။ ဥပမာ – “ကဝ” နှင့် “ကွ” ။ ဗျည်းတွဲများသည် ပုံမှန်ဗျည်းကဲ့သို့ မဟုတ်ဘဲ ရှေ့နောက်အစဉ်သတ်မှတ်ချက်ကို လိုက်နာရပါသည်။
အချို့သော ဗျည်းတွဲများသည် ဗျည်းအားလုံးနောက်ကို မလိုက်ဘဲ သက်ဆိုင်ရာဗျည်းနှင့်သာ တွဲပါသည်။ (ငှ ၊​ ဉှ ၊​ ညှ ၊​ ဏှ ၊ နှ ၊ မှ ၊ ယှ ၊ ရှ ၊​လှ ၊​ ဝှ )
ဗျည်းတွဲစဉ်
ဗျည်းတွဲစဉ် သတ်မှတ်ချက် ရှိပါသည်။ အကယ်၍ ဗျည်းတွဲ တစ်ခုထက်ပို၍ သုံးရခဲ့လျှင် အစီအစဉ်မှန်ဖို့ လိုပါသည်။ မူလဗျည်းက ဗဟိုမှာ ရှိပြီး ဗျည်းတွဲများက ဝန်းရံရသောကြောင့် အမြင်ရှုပ်ထွေးမှုကို ရှောင်ရှားရန် အစဉ်သတ်မှတ်ရခြင်း ဖြစ်ပါသည်။
ယပင့်၊​ ရရစ်၊ ဝဆွဲ၊ ဟထိုး ဗျည်းတွဲများ၏ အစဉ်မှာ
– ယပင့် ဝဆွဲ (ချွ)
– ယပင့် ဟထိုး (လျှ)
– ယပင့် ဝဆွဲ ဟထိုး (မျွှ)
– ရရစ် ဝဆွဲ (ကြွ)
– ရရစ် ဟထိုး (ငြှ)
– ရရစ် ဝဆွဲ ဟထိုး (မြွှ)
– ဝဆွဲ ဟထိုး (ညွှ)
အချို့ ကီးဘုတ်များတွင် ရေးသားသူအတွက် လွယ်ကူစေရန် ဗျည်းတွဲစဉ်မှန်အောင် ပြင်ဆင်ပေးသည့် လုပ်ဆောင်ချက် ပါဝင်ပါသည်။ သို့သော် စက်၏လုပ်ဆောင်ချက်သည် ကန့်သတ်ချက် ရှိနိုင်သဖြင့် လူက အမှန်ကို သိနေရမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *