ယူနီကုဒ်ပြောင်းလဲရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲ (၂၀၁၆ ဇူလိုင် ၂၉)

ယူနီကုဒ်ပြောင်းလဲရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ၂၉ ရက်နေ့တွင် အစိုးရဘက်မှ တာဝန်ရှိသူများ၊ မြန်မာကွန်ပျူတာ အသင်းချုပ် (MCF)၊ မြန်မာယူနီကုဒ်ဧရိယာ (MUA) နှင့် အတတ်ပညာရှင်များ စုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲ ရလဒ်များအနေဖြင့်

  • လူမှုကွန်ယက်များတွင် အငြင်းပွားမှုပုံစံ ဆွေးနွေးမှုများ မပြုလုပ်ကြတော့ရန်၊
  • ဆွေးနွေးပွဲတက်ရောက်သူများမှ အပြောင်းအလဲ ပြုလုပ်ရန် ထောက်ခံကြောင်း နှင့် တက်နိုင်သည့်နေရာမှ ကူညီကြမည်ဖြစ်ကြောင်း၊
  • MCF နှင့် MUA တို့မှ တင်ပြသော လုပ်ငန်းလမ်းစဉ် နှစ်ခုကို ပေါင်းစည်း၍ လုပ်ငန်းလမ်းစဉ်တစ်ခုဖြစ်မြောက်အောင်ဆောင်ရွက်တည်းဖြတ်ရန်။ အစရှိသော ဘုံရည်မှန်းချက် သုံးချက် အကြိုညှိနှိုင်းဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ: Thar Htet (https://web.facebook.com/photo.php?fbid=10208926367427780&set=a.1176564385620.2029612.1573414719&type=3)

၎င်းဆွေးနွေးပွဲနဲ့ပက်သက်ပြီး “ဒီအကြိုဆွေးနွေးပွဲဟာ နောက်ထပ် ထိရောက်တဲ့ အရွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲမတိုင်ခင်က အားမလို အားမရမှုတွေ၊ စိတ်ပူပန်မှုတွေ ရှိခဲ့တဲ့အတွက် ပြောမှရမယ့် စကားတွေကို ပြတ်ပြတ်သားသား၊ တည့်တည့်ပဲ ပြောမယ်လို့ ရည်ရွယ်ပြီး သွားခဲ့တာပါ။ နောက်ပြီးတော့.. အကြိုဆွေးနွေးပွဲ ဖြစ်လို့ ဟန်ပန်တွေ မလိုပဲ လွပ်လွပ်လပ်လပ် ပြောလို့ရမယ်လို့ ယူဆတဲ့အတွက် လည်းဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဆွေးနွေးချက်တွေက အခြားတက်ရောက် သူတွေကို မလေးစားသလို ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ ဒါပေမယ့် တစ်ချို့ စကားတွေက မဖြစ်မနေ ပြောဖို့ လိုအပ်တယ်လို့ အလေးအနက် ယုံကြည်ပါတယ်။ ဒါကြောင့်လည်း လူကြီးတွေကို ရှေ့မျက်နှာ နောက်ထားပြီး ပြောစရာရှိတဲ့စကား တည့်တည့်ပဲ ပြောခဲ့ရပါတယ်။ ဒါကို သည်းခံပြီး လိုက်လျော ညှိနှိုင်းပေးလို့ တာဝန်ရှိသူ များကိုလည်း ကျေးဇူးအထူး တင်ပါတယ်။

ဒီပွဲကနေ သတိပြုစရာ ရလဒ် (၂) ချက် ရှိခဲ့ပါတယ်။ အဲ့ဒါတွေကတော့… လက်ရှိ MCF နဲ့ MUA တို့ ရေးဆွဲထားတဲ့ Unicode Migration Plan နှစ်ခုကို ညှိနှိုင်းပြင်ဆင်ပြီး ရက်ပိုင်းအတွင် အတည်ပြုတင်ပြရန်နဲ့ Unicode Migration လုပ်ငန်းစဉ်များအား ကြီးကြပ်တာဝန်ယူရန် သီးခြားလွပ်လပ် အဖွဲ့အစည်းတစ်ရပ် လိုအပ်မှုကို အသိအမှတ်ပြုခြင်း တို့ပဲဖြစ်ပါတယ်။

နောက်ထပ်တစ်ချက်အနေနဲ့ “ရလဒ်များကို လွပ်လွပ်လပ်လပ် ကြေငြာတာ ကောင်းပေမယ့် အငြင်းပွားဖွယ် ဆွေးနွေး ချက်များကိုတော့ မျက်နှာစုံညီသာ ဆွေးနွေးကြဖို့” ဆိုတဲ့အချက်ကို ထပ်မံ ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ဒါကြောင့်.. ယူနီကုဒ်ပံ့ပိုးသူများခင်ဗျာ… အခုဆိုရင် နောက်ထပ်တစ်လှမ်း ရွေ့ခဲ့ပါပြီ။ လိုအပ်သူကို ကူညီခြင်း မှလွဲ၍ အခြား အငြင်းအခုံများကို ဆက်လက် သည်းခံ ရှောင်ရှားပြီး လက်တွေ့အရွေ့ကိုသာ အာရုံစိုက်ပေး ကြပါခင်ဗျား…” လို့ ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးခဲ့တဲ့ ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သူ ကိုအိမောင် က ပြောကြားပါတယ်။

Ref: